


သက်တံ့
၁၀. ၅. ၂၀၂၆
မောင်နှမသုံးဦး သဲချောင်းအတွင်း ရေဆင်းကူးရာမှ သုံးလောင်းပြိုင်ရေနစ်သေဆုံးမှု လောပိတတွင် ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ မေလ ၁၀ ရက် နေ့လယ် ၁၁ နာရီခွဲခန့်အချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာရှိ သဲချောင်းတွင် လူ(၃)ဦး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ရေနစ်သေဆုံးနေသည့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦးတို့အား နေ့လယ် ၁ နာရီ ၂၀ မိနစ်အချိန်တွင် ရှေ့ဆင့်နောက်ဆင့် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရွှေညောင်ပင်နာရေးကူညီမှုအသင်းပိုင်ယာဉ်ဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
ရေနစ်သေဆုံးသူ မောင်နှမသုံးဦးမှာ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ် (ခ) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၈ နှစ်၊ အသက် ၁၉ နှစ်နှင့် အသက် ၂၀ အရွယ် မောင်နှမသုံးဦးဖြစ်သော မတင်တင်စန်းဦး၊ မောင်စိုးသီဟနှင့် မောင်ရဲလင်းအောင်တို့ဖြစ်ကြောင်း သိရသည်။ ရေနစ် သေဆုံးသူများကို လွိုင်ကော်ဆေးရုံကြီးမှတစ်ဆင့် နမ့်ဘော်ဝမ် (ခ) ရပ်ကွက်နေအိမ်သို့ ရွှေညောင်ပင်နာရေးကူညီမှုအသင်းကပင် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ရွှေညောင်ပင်နာရေးကူညီမှုအသင်း
