




MT News
၁၀. ၅. ၂၀၂၆
“ဝ” တပ် – UWSA နဲ့ မိုင်းလားရဲ့ လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး မိုင်းလားနယ်ထဲက တရုတ် ကျားဖြန့်ဂိုဏ်းကြီးတစ်ခုကို ဖြိုခွင်းနိုင်ခဲ့တယ်လို့ WSP က မေလ ၉ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတာကို “ဝ”ဩဇာခံ Wa News Land က ဖော်ပြထားပါတယ်။
ဖမ်းဆီးမှုဖြစ်စဥ်အတွင်း ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၀) ဦးနဲ့အတူ ကွန်ပျူတာ ၆၁၁ လုံး၊ လက်ကိုင်ဖုန်း ၅၃၅ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာ တရုတ်အစိုးရထံ မိုင်းလားနယ်စပ် – တာ့လော့ဂိတ်ကတစ်ဆင့် လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဥ်အရ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ “ဝ” ဗဟိုဌာနချုပ်ရဲ့ ညွှန်ကြားချက်အရ “ဝ”အထူးဒေသ (၂) က စေလွှတ်လိုက်တဲ့ လုပ်ငန်းအဖွဲ့ဟာ ရှမ်းအရှေ့မိုင်းလား အထူးဒေသ (၄) ကိုရောက်ရှိခဲ့ပြီးနောက် နှစ်ဖက်အဖွဲ့ဟာ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ကို အလျင်အမြန် ဖွဲ့စည်းပြီး အွန်လိုင်းလိမ်လည်မှု သံသယရှိနေရာတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပူးပေါင်းစစ်ဆင်ရေးအတွင်း ကျားဖြန့်လုပ်ငန်းကို လုပ်ကိုင်နေတဲ့ အခန်း (၁၉) ခန်း၊ ကွန်ပျူတာ၊ လက်ကိုင်ဖုန်းတွေနဲ့ Alpha ကားအမျိုးအစားတစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြုစုထားတဲ့စာရင်းတွေအရ မေလ ၃ ရက်နေ့အထိ ကျားဖြန့်လုပ်ကိုင်သူအမျိုးသား ၆၀ ဦးနဲ့ အမျိုးသမီး ၁၈ ဦးပါဝင် စုစုပေါင်း ၇၈ ဦးဖမ်းမိခဲ့ပြီး ဒီအထဲမှာ ပြည်မက ၁၈ ဦး၊ အထူးဒေသ (၁) က ၂၈ ဦး၊ အထူးဒေသ (၂) က ၂၀ ဦး၊ အထူးဒေသ (၄) က ၃ ဦးနဲ့ တရုတ်နိုင်ငံသား ၁၀ ဦးတို့ပါဝင်တယ်လို့ သိရပါတယ်။
Ref & Photo – WNL & WSP
