သက်တံ့
၂.၅. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ အလုပ်သမားတန်းလျားတစ်ခုတွင် အသက် ၄၉ နှစ်အရွယ် အလုပ်ရှင်ဖြစ်သူအား လည်ပင်းလှီး၍ ဝိုင်းဝန်းသတ်ဖြတ်ခဲ့သည့် မြန်မာလုပ်သားလေးဦးကို ထိုင်းနိုင်ငံမှ ထွက်ပြေးရန် ကြိုးပမ်းနေစဉ် ချင်းရိုင်မြို့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
ထိုသို့သတ်ဖြတ်မှုမှာ လုပ်ခလစာ မရရှိသဖြင့် မကျေနပ်သောကြောင့် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာလုပ်သားများက ဝန်ခံခဲ့ကြသည်။
ဖြစ်စဥ်တွင် ၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မယ်ရင်ရဲစခန်းမှ ရဲဒုဗိုလ်မှူးကြီး Akkharaphon Amornwet နှင့် စုံစမ်းစစ်ဆေးရေးအရာရှိ ရဲဗိုလ်မှူး Chaipol Chaiyachana တို့အဖွဲ့သည် မြန်မာနိုင်ငံသားများဖြစ်ကြသော ကိုဆု၊ ကိုရောင်၊ ကိုဒန်းနှင့် ကိုဘော့စ် ဆိုသူတို့ကို အမျိုးသားတစ်ဦးကို ဓားဖြင့် တိုက်ခိုက်ပြီး ဝိုင်းဝန်းလူသတ်မှုဖြင့် ဖမ်းဆီးခဲ့သည်။
ကျူးလွန်သူများက ယနေ့နံနက်ပိုင်းတွင် ဝပ်ရွန်ခွန် (Wat Rong Khun) ဘုရားအနီး၌ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရန် ပြင်ဆင်နေစဉ် ရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် အမှုဖွင့်အရေးယူရန် မယ်ရင်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။
ရဲဗိုလ်မှူး Chaipol Chaiyachana ၏ ပြောကြားချက်အရ အခင်းဖြစ်ပွားမှုမှ ယမန်နေ့ မေလ ၁ ရက်နေ့ နံနက် ၂ နာရီခန့်တွင် သံသယရှိသူ လေးဦးသည် ၎င်းတို့နှင့်အတူ နေထိုင်သည့် အလုပ်ရှင်ဖြစ်သူ အသက် ၄၉ နှစ်အရွယ် ဆမ်ချိုင် (Mr. Somchai Lungwi) ကို သတ်ဖြတ်ရန် ကြိုတင်စီစဉ်ခဲ့ကြသည်။
ထိုသို့ စီစဥ်ခြင်းမှာ အလုပ်ရှင်ဖြစ်သူက ၎င်းတို့၏ လုပ်ခလစာများကို မပေးသည့်အတွက် အငြင်းပွားကာ မကျေမနပ်ဖြစ်ရာမှ လူသတ်မှုအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ လုပ်ခလစာမပေးသည့် အလုပ်ရှင်ဖြစ်သူ အိပ်ပျော်နေစဉ် ကိုဆုနှင့် ကိုရောင်တို့က ဓားဖြင့် လည်ပင်းကို လှီးဖြတ်သည့်အပြင် အကြိမ်ကြိမ် ထိုးနှက်ခဲ့ကြသည်။ ထိုသို့လုပ်ဆောင်နေသည်ကို ကိုဒန်းနှင့် ကိုဘော့စ်တို့က အဝင်ဝတွင် ကင်းစောင့်ပေးခဲ့ကြသည်။
သတ်ဖြတ်ပြီးနောက် ၎င်းတို့သည် အလုပ်သမားတန်းလျားမှ ထွက်ပြေးခဲ့ကြသော်လည်း CCTV မှတ်တမ်းများအရ လမ်းဖြတ်များမှတစ်ဆင့် ချင်းရိုင်ခရိုင်သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်သို့ တက်ရောက်ကာ မြန်မာနိုင်ငံဘက်သို့ ကူးရန် ကြိုးပမ်းခဲ့ကြသည်ကို တွေ့ရှိရသဖြင့် ခြေရာခံမိခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုတွင် သံသယရှိသူများက ၎င်းတို့သည် လုပ်ခလစာများ ရရန်ရှိနေပြီး၊ တောင်းဆိုသည့်အခါတိုင်း ငြင်းဆိုခံရသောကြောင့် ယခုကဲ့သို့ လည်ပင်းလှီးသတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။ လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းထားရှိကြောင်း သိရသည်။
Ref: Thai Rath
