
၂၆.၄.၂၀၂၆
Written by KL
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ဂဏန်းကျွန်းကျေးရွာအနီးရေပြင် တနင်္သာရီမြစ်အတွင်း၌ ဧပြီလ ၂၅ ရက် ညနေ ၆ နာရီခွဲခန့်က ငါးဖမ်းစက်လှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူသုံးဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ငါးဖမ်းစက်လှေမှာ ဓာတ်ဆီနှင့်ဒီဇယ်များ တင်ဆောင်ပြီး နေရပ်ဖြစ်သော ပုလောမြို့နယ်၊ ပြင်ပုငယ်ကျေးရွာသို့ပြန်ရန် အင်ဂျင်စက်နှိုးစဉ် စက်လှေ၏ အင်ဂျင်စက်ချို့ယွင်းသဖြင့် လှေဝမ်းထဲဆင်းကာ ပြုပြင်စဥ် မီးပွားကျရာမှ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ငါးဖမ်းစက်လှေမီးလောင်ပြီး စက်လှေပိုင်ရှင် အမျိုးသားနှင့် လှေလုပ်သားနှစ်ဦးတို့ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများရရှိကာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
ဒဏ်ရာရသူသုံးဦးကို အောင်မင်္ဂလာလူမူရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မြိတ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိသည်။
မီးလောင်မှုမှာ တစ်နာရီကျော်ကြာမြင့်ခဲ့ပြီးအပေါ့စား မီးသတ်စက်နှင့် Foam ဆေးရည်များ၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
