သက်တံ့
၂၄. ၄. ၂၀၂၆
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ယခုအပတ်အတွင်း ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲများအတွင်း စစ်သွေးကြွဟု ယူဆရသူ ၂၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်နှိမ်နင်းနိုင်ခဲ့ကြောင်း စစ်တပ်က သောကြာနေ့ (ဧပြီ ၂၄ ရက်) တွင် ပြောကြားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုများအတွင်း ကလေးငယ်တစ်ဦးလည်း ကြားညှပ်၍ သေဆုံးခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့များနှင့် ဥပဒေစိုးမိုးရေး အေဂျင်စီများ ပူးပေါင်းကာ အင်္ဂါနေ့တွင် စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ရာ ပြင်းထန်သော ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွများကို အသေပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်၏ မီဒီယာကဏ္ဍက ယနေ့ ထုတ်ပြန်ခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်စပ်အနီးရှိ ခိုင်ဘာခရိုင်တွင် ဖြစ်ပွားခဲ့သော အဆိုပါ ပစ်ခတ်မှုအတွင်း အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။
ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က အကြမ်းဖက်သမားများ၏ ရန်စပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျဆုံးခဲ့ရမှုအပေါ် ဝမ်းနည်းရပါကြောင်း ၎င်း၏ရုံးက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
မကြာသေးမီနှစ်များအတွင်း ပါကစ္စတန်နိုင်ငံတွင် တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာခဲ့ပြီး အထူးသဖြင့် အာဖဂန်နစ္စတန်နှင့် နယ်စပ်ချင်း ထိစပ်နေသော ပြည်နယ်များတွင် ဖြစ်ပွားလေ့ရှိကာ ထိုတိုက်ခိုက်မှုအများစုကို Tehreek-e-Taliban Pakistan (TTP) လက်နက်ကိုင်အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုလေ့ရှိသည်။
၂၀၂၁ ခုနှစ်တွင် အာဖဂန်တာလီဘန်များ အာဏာပြန်ရလာကတည်းက အာဖဂန်နစ္စတန်နိုင်ငံသည် စစ်သွေးကြွများကို ဘေးကင်းလုံခြုံရာနေရာများ ပေးထားသည်ဟု ပါကစ္စတန်က စွပ်စွဲထားသော်လည်း ကဘူးလ် (အာဖဂန်အစိုးရ) ဘက်ကမူ အကြိမ်ကြိမ် ငြင်းဆိုထားသည်။
ထိုစွပ်စွဲချက်များကြောင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ တင်းမာနေပြီး နယ်စပ်တိုက်ပွဲများလည်း ပုံမှန်ဖြစ်ပွားလျက်ရှိသည်။
အသေခံဗုံးခွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်စစ်တပ်သည် ယခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးကမူ ယင်းကို “ပွင့်လင်းစစ်ပွဲ” (Open War) ဟု ခေါ်ဆိုခဲ့သည်။
