◾️ မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားမည်





၁၀. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့က ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေး၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြမည်ဖြစ်ကြောင်း ဧပြီ ၁၀ ရက် မနက်ဖြန်တွင် ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမနေ့ အစီအစဉ် (လျာထားချက်)အရ သိရသည်။
မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိသစ္စာပြုပြီးပါက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး အဆိုပါ မိန့်ခွန်းကို လွှတ်တော်က မှတ်တမ်းတင်ထားရှိမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများက ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတကာမှ သံတမန်များလည်း ယနေ့တွင် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းများတွင် အသိပေးကြေညာထားသည်။
မနက်ဖြန် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များဖြစ်ကြသည့် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဒုတိယဥက္ကဋ္ဌများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလည်း အစဉ်လိုက် ကတိသစ္စာပြုကြမည်ဖြစ်ကြောင်း သိရသည်။
