




၉.၄.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ (၁) ရှိ စက်သုံးဆီသိုလှောင်သည့်ဂိုဒေါင်တွင် ဧပြီလ ၈ ရက် နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က လောင်ကျွမ်းခဲ့သော မီးလောင်မှုမှာ ဓာတ်ဆီဘောက်ဆာမှ စက်ဖြင့်ဆီဖလှယ်ရင်း ပိုက်ဆက်ပြုတ်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
“ခြံငှားပြီး စက်သုံးဆီ သိုလှောင်ရောင်းဝယ်ရေးလုပ်တာ။ ဓာတ်ဆီဘောက်ဆာကားကနေ ဆီတိုင်ကီထဲကို လှယ်ထည့်ရာကနေ ပိုက်ဆက်ပြုတ်ပြီး မီးလောင်တာ”ဟု မီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။
မီးလောင်မှုကြောင့် ဆီဘောက်ဆာ ကားတစ်စီး၊ဓာတ်ဆီပီပါ ၁၂ လုံး၊ သွပ်မိုး၊ အုတ်ညှပ်မြေစိုက် တစ်ထပ်နှင့် သွပ်မိုး၊ အထပ်သားကာ မြေစိုက် တစ်ထပ်တို့ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
မီးလောင်မှုမှာ တစ်နာရီကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ မီးသတ်စက်ယာဥ် ၁ စီး၊ ရေသယ်ယာဥ် ၇ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၆၀ ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။
စက်သုံးဆီဂိုဒေါင်မီးလောင်မှုကြောင့် အသက် ၄၀ အရွယ် ဦးကျော်သူအောင်ကို ပလနနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
