၉. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက အဆိုပြုတင်သွင်းထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ဒေါက်တာခင်နိုင်ဦး အပါအဝင် ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင် ၉ ဦး၏ အမည်စာရင်းအား ကန့်ကွက်သူမရှိ၍ သဘောတူကြောင်း ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အသိပေးကြေညာသည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက အဆိုပြုတင်ပြထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင် အမည်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က)နှင့်ညီ ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်နေ့ ရက်စွဲပါစာဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက တင်ပြထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းသည် (၁) ဒေါက်တာခင်နိုင်ဦး၊ (၂) ဦးဇော်မြင့်နိုင်၊ (၃) ဦးသက်ထွန်းအောင်၊ (၄) ဒေါက်တာ စန္ဒာဦး၊ (၅) ဒေါက်တာရီရီအေး၊ (၆) ဦးတင်မြင့်၊ (၇) ဒေါက်တာလှညွှန့်၊ (၈) ဒေါက်တာဇော်ဦး၊ (၉) ဒေါက်တာဖြူဖြူအိတို့ဖြစ်သည်။
အထက်ပါ ပုဂ္ဂိုလ် ၉ ဦးအနက် ဒေါက်တာခင်နိုင်ဦးအား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဇော်မြင့်နိုင်၊ ဦးသက်ထွန်းအောင်နှင့် ဒေါက်တာစန္ဒာဦးတို့အား လည်းကောင်း တာဝန်ပေးအပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင် အမည်စာရင်းများနှင့် စပ်လျဉ်းပြီး ခန့်အပ်ရန်သဘောတူကြောင်း ကြေညာခြင်း သို့မဟုတ် ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်ရှိပါက အဆိုတင်သွင်းခြင်းတို့ကို ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်သူမရှိ၍ သဘောတူညီကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဒေါက်တာခင်နိုင်ဦးသည် အငြိမ်းစားပါမောက္ခချုပ်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ၁၃ ဦးမြောက် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃ ရက်မှ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ယင်းကာလမတိုင်မီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
