MT News
၉. ၄. ၂၀၂၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသစ်၏ သမ္မတအဖြစ် ကတိသစ္စာပြုအခမ်းအနားတက်ရောက်ရန် အိန္ဒိယပြည်ပရေးရာဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဧပြီ ၈ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာသော အိန္ဒိယနိုင်ငံအစိုးရ သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သည့်အပြင် ပြည်ပရေးရာဝန်ကြီးဌာန၏ ဝန်ကြီးလည်းဖြစ်သည့် Minister of State Mr. Kirti Vardhan Singh အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Mr. Abhay Thakur နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းတို့က ကြိုဆိုခဲ့ကြသည်။
Mr. Kirti Vardhan Singh ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုသည့် အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ပြီး မြန်မာအစိုးရ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံခြင်း၊ အိန္ဒိယနွယ်ဖွားများနှင့်အတူ အိန္ဒိယ၏ မိတ်ဆွေများအား တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
၂၀၂၅- ၂၀၂၆ ရွေးကောက်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြည်ထောင်စုလွှတ်တော်က ဧပြီ ၃ ရက်တွင် ရွေးချယ်တင်မြှောက်ထားပြီးဖြစ်သလို ဝန်ကြီးဌာန ၃၁ ခုနှင့် အစိုးရသစ်ကို ဖွဲ့စည်းထားမည်ဖြစ်ကြောင်း အဆိုပြုတင်ပြထားသည့်အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သဖြင့် မကြာမီရက်ပိုင်းအတွင်း မြန်မာသမ္မတသစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုအခမ်းအနားကို နိုင်ငံတော်အဆင့် ကျင်းပတော့မည်ဖြစ်သည်။
