၆.၄.၂၀၂၆
Translated by Htwe Ko Tun
လူ ၁၀၀ ကျော်တင်ဆောင်လာတဲ့ စက်လှေတစ်စင်းဟာ ဧပြီလ ၄ ရက်က လစ်ဗျားနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီးနောက် မြေထဲပင်လယ်ကိုဖြတ်သန်းနေခိုက် ခရီးစဉ်အတွင်း တိမ်းမှောက်ခဲ့တာမှာ လူအများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးသတင်းတွေအရတော့ စက်လှေပေါ်ပါသူတွေအနက် ၃၂ ဦးသာ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။
ရှေ့နေအဖွဲ့တွေက စက်လှေတိမ်းမှောက်မှုမှာ အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး အများအပြားပျောက်ဆုံးနေတယ်လို့ ဧပြီလ ၅ ရက်မှာ ပြောခဲ့ကြပါတယ်။
မြေထဲပင်လယ်ဒေသ၊ အီတလီကယ်ဆယ်ရေးညှိနှိုင်းရေးအဖွဲ့ ဖြစ်တဲ့ Mediterranea Saving Humans က ဝမ်းနည်းဖွယ်စက်လှေတိမ်းမှောက်မှုမှာ အလောင်းနှစ်လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ၃၂ ဦး နဲ့ လူ ၇၀ ကျော် ပျောက်ဆုံးနေတယ်လို့ X မှာ ရေးသားခဲ့ပါတယ်။

ဒီကြေကွဲဖွယ်ဖြစ်ရပ်က ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘေးကင်းတဲ့ တရားဝင်လမ်းကြောင်းတွေ ဖွင့်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ ဥရောပအစိုးရတွေရဲ့ မူဝါဒတွေကနေ အကျိုးဆက်ဖြစ်လာရတာလို့လည်း ပြောကြားခဲ့ပါတယ်။
စက်လှေငယ်ဟာ ဧပြီလ ၄ ရက်မှာ လစ်ဗျားမှ ထွက်ခွာလာပြီး လစ်ဗျားအာဏာပိုင်တွေက ကိုင်တွယ်ရမယ့် ရှာဖွေကယ်ဆယ်ရေးဇုန်မှာ တိမ်းမှောက်သွားခဲ့ပါတယ်။ ဗီဒီယိုတစ်ခုမှာတော့ လူ ၁၅ ဦးခန့်ဟာ ရေပြင်ကျယ်အတွင်း တိမ်းမှောက်နေတဲ့ စက်လှေကိုယ်ထည်ကို ဆုပ်ကိုင်ထားကြတာကို ပြခဲ့ပါတယ်။
ဂျာမန်နိုင်ငံက အစိုးရမဟုတ်တဲ့အဖွဲ့အစည်း Sea-Watch က ဖြတ်သန်းသွားသော ကုန်တင်သင်္ဘောနှစ်စင်းက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ခဲ့ပြီး မြေထဲပင်လယ်ကို ဖြတ်ကျော်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဥရောပကို ဝင်ရောက်ဖို့ အဓိကဝင်ပေါက်ဖြစ်တဲ့ အီတလီနိုင်ငံ လမ်ပီဒူဆာကျွန်း (Lampedusa) ကို ခေါ်ဆောင်သွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ လေကြောင်းမှ ဖြစ်ရပ်ကို စောင့်ကြည့်နေတယ်လို့ Sea-Watch က ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အစည်းမှ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် အထိ မြေထဲပင်လယ်ကို ဖြတ်ကျော်ဖို့ ကြိုးပမ်းမှုတွေမှာ အနည်းဆုံး ရွှေ့ပြောင်းနေထိုင်သူ ၆၈၃ ဦး ရေနစ်သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
Ref- AFP

