၂၈.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ဟော်မုဇ်ရေလက်ကြားကို လုံခြုံစေရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး စစ်ရေးအကူအညီပေးဖို့ ငြင်းဆန်တဲ့ နေတိုးအုပ်စုရဲ့မဟာမိတ်တွေအပေါ် သူ့အနေနဲ့ များစွာစိတ်ပျက်မိတယ်လို့ မတ်လ ၂၇ ရက်မှာ ထပ်လောင်းပြောကြားခဲ့ပြီး အမေရိကန်အနေနဲ့ နောင်သူတို့က အကူအညီတောင်းခံလာရင် ပေးနိုင်တော့မှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
မိုင်ယာမီမှာ ကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှူညီလာခံတစ်ခုမှာ တရမ့်ပ်က “ကျွန်တော်တို့ဆိုရင် နေတိုးအုပ်စုအတွက် တစ်နှစ်ကို ဒေါ်လာ ဘီလျံရာပေါင်းများစွာ ချီပြီးသုံးခဲ့တယ်။ သူတို့ကို အကာအကွယ်ပေးနေခဲ့တယ်။ သူတို့အတွက် အမေရိကန်က အမြဲတမ်းရှိနေခဲ့တယ်။ ဒါပေမယ့် အခုတော့ သူတို့လုပ်ရပ်တွေအပေါ်ကြည့်ပြီး ကျွန်တော်တို့ဘက်ကလည်း သူတို့အတွက် ရှိနေနိုင်တော့မှာမဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။
ထရမ့်ပ်က “သူတို့တွေက နေတိုးအုပ်စုမှာ ကျွန်တော်တို့အတွက် ရှိမနေနိုင်ဘူးဆိုမှတော့ ကျွန်တော်တို့ကလည်း ဘာလို့ နေတိုးမှာ သူတို့အတွက်ရှိနေတော့မှာလဲ” လို့ ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့ တစ်လနီးပါးခန့်က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုစတင်တာကစလို့ အနောက်အုပ်စုမဟာမိတ်တွေရဲ့ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ဖို့၊ စစ်ပွဲမှာအထောက်အပံ့ပေးဖို့အားနည်းနေမှုနဲ့ နှောင့်နှေးနေမှုတွေအပေါ် ထရမ့်ပ်က ထပ်ခါထပ်ခါ မချင့်မရဲပြောကြားလာခဲ့တာပါ။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဂျပန်တို့အပါအဝင် အမေရိကန်ရဲ့ အဓိကမဟာမိတ် ခြောက်နိုင်ငံက သင့်တော်တဲ့အားထုတ်ဆောင်ရွက်မှုတွေပြုလုပ်ဖို့ အဆင်သင့်ရှိကြပါတယ် ဆိုပေမယ့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးမှာ ရေတပ်အင်အားတွေ ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ ကတိမပေးခဲ့ကြပါဘူး။
သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က စစ်ရေးအကူအညီပေးဖို့ ငြင်းဆိုခဲ့တဲ့ ဂျာမန်ဝန်ကြီးချုပ် ဖရိုင် ဒရစ်ချ် မာ့ခ်ဇ်ကိုဆိုရင် ဝေဖန်ပြောကြားခဲ့တာပါ။
ဒါပြင် ထရမ့်ပ်က နေတိုးစစ်စာချုပ်အဖွဲ့ အပေါ် အပြင်းထန်ဆုံးဝေဖန်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး တခြား နေတိုးအဖွဲ့ဝင်တွေကို သူရဲဘောကြောင်သူတွေအဖြစ် သတ်မှတ်ပြောကြားကာ မဟာမိတ်တွေကိုလည်း အမေရိကန် မပါရင်တော့ စက္ကူကျားတွေပါပဲလို့ ရှုတ်ချခဲ့တာပါ။
မတ်လ ၂၆ ရက်ကလည်း ထရမ့်ပ်က Truth Social လူမှုမီဒီယာပလက်ဖောင်းမှာ အမေရိကန်အနေနဲ့ နေတိုးအုပ်စုဆီက ဘာမှမလိုချင်တော့ဘူး။ နေတိုးနိုင်ငံတွေက အီရန်စစ်ပွဲမှာ ဘာစစ်ရေးအကူအညီမှ မပေးခဲ့ကြဘူးလို့ ရေးသားသွားပါတယ်။
Ref- AFP
