MT News
Written by Ye Kyaw
ပြည်ပသို့ နယ်စပ်မှ ဆန်နှင့် ဆန်ထွက်ပစ္စည်း တင်ပို့ရာတွင် ရရှိသည့်ပို့ကုန်ရငွေ (နိုင်ငံခြားသုံးငွေ)၏ ၆၅ ရာခိုင်နှုန်းကို မတ်လ ၁ ရက်မှ စတင်ပြီး ဗဟိုဘဏ်သတ်မှတ်ထားသည့် နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။
လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းတင်ပိုရောင်းချရာတွင် ရရှိသည့်ပိုကုန်ဝင်ငွေ (နိုင်ငံခြားသုံးငွေ)ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသည့်နှုန်းထားဖြင့် မြန်မာကျပ်ငွေလဲလှယ်ခြင်းမပြုစေဘဲ ပို့ကုန်တင်ပိုသူအား ရာနှုန်းပြည့် ထုတ်ယူအသုံးပြုခွင့်ပေးလျက်ရှိသည်။
ထိုကြောင့် ပို့ကုန်တင်ပိုမှုဆောင်ရွက်ရာတွင် ကုန်စည်အလိုက် မျှတမှုရှိစေရေးနှင့် ပြည်ပသိုတင်ပို့သည့် အဓိကပို့ကုန်ပစ္စည်းများအပေါ် တစ်ပြေးညီကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆန်နှင့်ဆန်ထွက်ပစ္စည်းများ တင်ပို့မှုမှ ရရှိသည့် နိုင်ငံခြားသုံးငွေ၏ ၆၅ ရာခိုင်နှုန်းကို ၂၀၂၃ ခုနှစ် မတ် ၁ ရက်မှစတင်၍ ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်သည်။
၂၀၂၃ ခုနှစ် မတ်လ ၁ ရက်မှစတင်၍ တင်ပို့သည့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၏ ပို့ကုန်ဝင်ငွေအပေါ် တစ်ပြေးညီကျင့်သုံးမည်ဖြစ်ပါသဖြင့် အဆိုပါနေ့ရက်မတိုင်မီ ပြည်ပမှကုန်ဖိုးငွေ ကြိုတင်ပေးပို့ထားပြီး အဆိုပါနေ့ရက်နှင့်နောက်ပိုင်းတွင် ပြည်ပသိုတင်ပို့မည့် ဆန်နှင့်ဆန်ထွက်ပစ္စည်း ပို့ကုန်ရငွေများကိုလည်း သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့်လဲလှယ်ရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယင်းကဲ့သို ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် လဲလှယ်ရမည်ဆိုသည့် သတင်းမှာ ဖေဖော်ဝါရီလဆန်းပိုင်းက ထွက်ရှိခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့တွင် တရားဝင်ကြေညာခြင်းလည်းဖြစ်သည်။
“တရုတ်-မြန်မာနယ်စပ်မှာ ဒီနေ့အထိတော့ ပို့ကုန်ရငွေ တန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်း သတ်မှတ်ပေးထားတယ်။ ဥပမာ တရုတ်ပြည်ကို ဆန်ရောင်းလိုက်လို့ ယွမ် ၁၀၀ ရတယ်ထားပါတော့၊ အဲဒီယွမ် ၁၀၀ ကို အပြင်မှာ မည်သည့်ကြိုက်တဲ့ဈေးနဲ့မဆို လဲလှယ်ခွင့်ရှိတယ်။ ဒီနေ့ဆိုရင် တရုတ်ငွေတစ်ယွမ်ကို လိုင်စင်ချထားတဲ့ ပုဂ္ဂလိကဘဏ် ငါးခုနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ သွားလဲမယ်ဆိုရင် ၄၂၆ ကျပ်ရမယ်။ ဒီလကုန်ပြီးတဲ့ နောက်ပိုင်းမှာ ပို့ကုန်ရငွေတန်ဖိုးရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ ဖြတ်မယ်။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ရှိတယ်ဆိုပြီးလာတယ်။ အဲဒါဘာလဲဆိုတော့ တရုတ်ကို ဆန်ရောင်းလို့ ယွမ်ငွေ ၁၀၀ ရရင် ရတဲ့ယွမ်ငွေ ၁၀၀ ထဲက ၆၅ ယွမ်ကို ဗဟိုဘဏ်သတ်မှတ်ဈေး ၃၀၈ ကျပ်နဲ့ပဲ လဲခွင့်ရှိတာ။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကတော့ အဲဒီနေ့ပေါက်ဈေးပေါ့။ ၄၂၆ ကျပ်နဲ့ သုံးစွဲခွင့်ရှိတယ်။ ဒါကြောင့် ဆန်တစ်အိတ်၊ ဆန်ကွဲတစ်အိတ်ကို ရောင်းလိုက်တိုင်း ၆၅ ရာခိုင်နှုန်း/၃၅ ရာခိုင်နှုန်းနဲ့ဆို ကျပ်တစ်သောင်းလောက် နစ်နာသွားလိမ့်မယ်” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဖေဖော်ဝါရီ ၁၃ ရက်က MT News သို့ ပြောခဲ့သည်။
