သက်တံ့
၂၈. ၁. ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်အစိုးရသည် အမေရိကန်ပြည်တွင်း လုံခြုံရေးကိုသာ အဓိကထားရန် ကြိုးပမ်းလာသည်နှင့်အမျှ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တားဆီးရန်အတွက် တောင်ကိုရီးယားနိုင်ငံက ပင်မအခန်းကဏ္ဍမှ ပါဝင်ရန် တိုက်တွန်းလျက်ရှိသည်။
မြောက်ကိုရီးယား၏ နျူကလီးယား ရည်မှန်းချက်များကို ဟန့်တားရာတွင် တောင်ကိုရီးယားနိုင်ငံက ပိုမိုဦးဆောင် တာဝန်ယူလာစေရန်အတွက် အမေရိကန်၏ စစ်ရေးကူညီပံ့ပိုးမှုများကို လျှော့ချမည့် ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာသစ်ကို အမေရိကန်က ထုတ်ပြန်ခဲ့ပြီးနောက် မြောက်ကိုရီးယားက ၎င်း၏ အရှေ့ဘက်ကမ်းရိုးတန်းအလွန်သို့ ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော လက်နက်များကို ပစ်ခတ်ခဲ့သည်။
ထို့အတူ အင်္ဂါနေ့ (ဇန်နဝါရီ ၂၇ ရက်) တွင် ပြုံယမ်းမြို့ မြောက်ဘက်အရပ်မှ အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်သို့ ပဲ့ထိန်းဒုံးကျည် အမြောက်အမြား ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောကြားခဲ့သည်။ ဂျပန်ကမ်းခြေစောင့်တပ်ကလည်း ပဲ့ထိန်းဒုံးကျည်ဟု သံသယရှိရသော အရာတစ်ခုသည် ပင်လယ်ထဲသို့ ကျရောက်သွားပုံရကြောင်း ပြောဆိုခဲ့သည်။
”ကျွန်ုပ်တို့ စစ်တပ်ဟာ အမေရိကန်၊ ဂျပန်တို့နဲ့ မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်ဆိုင်ရာ သတင်းအချက်အလက်တွေကို နီးကပ်စွာ မျှဝေနေပြီး ခိုင်မာတဲ့ အသင့်ရှိမှု အနေအထားကို ထိန်းသိမ်းထားပါတယ်” ဟု JCS က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုပစ်ခတ်မှုသည် ယခုနှစ်အတွင်း ပြုံယမ်း၏ ဒုတိယအကြိမ်မြောက် ပဲ့ထိန်းဒုံးကျည် ပစ်ခတ်မှုဖြစ်ပြီး ယခုလအစောပိုင်းက တောင်ကိုရီးယားသည် ဒရုန်းများဖြင့် ၎င်း၏ ဝေဟင်ပိုင်နက်ကို ကျူးကျော်ခဲ့သည်ဟု မြောက်ကိုရီးယားက စွပ်စွဲခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။
တောင်ကိုရီးယားအစိုးရကမူ အဆိုပါ ဖြစ်ရပ်တွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသော်လည်း ၎င်းဒရုန်းများကို အရပ်သားများက စေလွှတ်ခဲ့ခြင်း ရှိ၊ မရှိအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
ပဲ့ထိန်းဒုံးကျည် (Ballistic Missile) များကို ပစ်ခတ်နိုင်သည့် အကွာအဝေးအလိုက် ယေဘုယျအားဖြင့် ၄ မျိုး ခွဲခြားထားပြီး ၁,၀၀၀ ကီလိုမီတာအောက်ကို
Short-range (SRBM – တောင်ကိုရီးယား သို့မဟုတ် ဂျပန်အထိ ရောက်နိုင်သည်)၊ ၁,၀၀၀ မှ ၃,၀၀၀ ကီလိုမီတာကြားကို Medium-range (MRBM)၊ ၃,၀၀၀ မှ ၅,၅၀၀ ကီလိုမီတာကြားကို Intermediate-range (IRBM) နှင့် အမေရိကန်ပြည်မကြီးအထိ ရောက်နိုင်သည့် ၅,၅၀၀ ကီလိုမီတာအထက်ကို Intercontinental (ICBM) ဟု ခွဲခြားထားသည်။
မြောက်ကိုရီးယားအနေဖြင့် အမေရိကန် တစ်နိုင်ငံလုံးသို့ ရောက်ရှိနိုင်သည့် ‘အစွမ်းထက်ဆုံး နျူကလီးယား မဟာဗျူဟာမြောက် လက်နက် (ICBM)’ ကိုလည်း ထုတ်ဖော်ပြသခဲ့ဖူးသည်။
ထို့အပြင် ယခုနှစ် ဇန်နဝါရီလအစောပိုင်းက မြောက်ကိုရီးယား၏ ပထမအကြိမ် ပစ်ခတ်မှုအပြီးတွင်လည်း ၎င်းတို့သည် အသံထက်မြန်သော (Hypersonic) ဒုံးကျည်ကို စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
Ref: SCMP
