
၂၆. ၁. ၂၀၂၆
Written by Nyein Kyaw
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆေးသုတေသနဦးစီးဌာနသာမက အခြားဦးစီးဌာနများ၊ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘဏ္ဍာငွေကျပ် ၁ ဒသမ ၅ ဘီလျံ ခွင့်ပြုပေးခဲ့ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် “(၅၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် ဂုဏ်ပြုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံများကို “သုတေသနဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ ပညာရပ်များ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မြင့်မားလာစေရန်” နှင့် “သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန်” စသည့် ရည်ရွယ်ချက်များနှင့် ၁၉၆၅ ခုနှစ်မှ စတင်ကျင်းပလာခဲ့သည်မှာ ယခုအခါ (၅၄) ကြိမ်မြောက် ကျင်းပနိုင်ပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယနေ့ခေတ်သည့် သိပ္ပံနှင့် နည်းပညာခေတ်ဖြစ်သည့်အတွက် အရာရာသည်အရှိန်အဟုန်နှင့် တိုးတက်ပြောင်းလဲလျက်ရှိနေခြင်းကြောင့် ဆေးသိပ္ပံပညာရပ်များ၊ ရောဂါရှာဖွေကုသည့် ခေတ်မီဆေးဘက်ဆိုင်ရာ ကိရိယာများ၊ ဆေးဝါးနှင့် ကုထုံးအသစ်များ တိုးတက် (Artificial Intelligence AI) နည်းပညာအကူအညီနှင့် ဆောင်ရွက်နိုင်သည့်အထိ စဉ်ဆက်မပြတ် လေ့လာသိရှိရန်လိုအပ်လာကြောင်း ယာယီသမ္မတက ပြောကြားသည်။
ဆေးသုတေသနလုပ်ငန်းများမှ ရရှိလာသည့် ခိုင်မာတိကျသည့် ရလဒ်အခြေပြုသုတေသနတွေ့ရှိချက် (Evidence-based research finding) များကို အသုံးပြုပြီး ရောဂါရှာဖွေရေး နည်းစနစ်များ၊ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန်စေမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့ကြောင့် ပြည်သူလူထုအတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်အောင်မြင်စေရန်နှင့် မိမိတို့နိုင်ငံအတွက် ခေတ်နှင့်အညီ သင့်တော်သည့် ကျန်းမာရေးဆိုင်ရာ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန်ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆေးသုတေသန ဆောင်ရွက်မှုရလဒ်များမှတစ်ဆင့် တစ်မျိုးသားလုံး၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေပြီး မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြင့်လာစေနိုင်မည်လည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့အတူ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်က ဆေးသုတေသနဦးစီးဌာနသာမက အခြားဦးစီးဌာနများ၊ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နိုင်ငံတော်က ဘဏ္ဍာငွေကျပ် ၁ ဒသမ ၅ ဘီလျံ ခွင့်ပြုပေးခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
