MT News

Written By Thandar

အဆိုတော် မေခလာနဲ့ တွဲဖက်သီဆိုတဲ့ “ဦးရဲ့ကလေး ကလေးရဲ့မမ”တေးသီချင်းနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ တေးသံရှင် နိုရာကတော့ သူမအပေါ် ပရိသတ်တွေက Negative Comment တွေကို မြင်မိရင် အရမ်းစိတ်ဓာတ်ကျမိတယ်လို့ ရင်ဖွင့်လာပါတယ်။

“အရင်ကတော့ ချစ်ငယ်(ခ) မေခလာနဲ့တွဲတဲ့ကောင်မလေးလို့ အရင်သိကြတယ်။ အခုနောက်ပိုင်း သီချင်းတစ်ပုဒ်ထွက်တိုင်း ဝေဖန်ခံရတယ်။ တချို့ပရိသတ်တွေဆီက Negative Comment တွေကို အရမ်းတွေ့မိရင် စိတ်ဓာတ်ကျမိတယ်။ ကိုယ့်ကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်တာပဲဆိုတော့ ကိုယ့်စိတ်ကိုတော့ အကောင်းဆုံးပြန်ဖြေရတာပေါ့။ အရင်ကဆိုရင် တစ်ခုခုဆို အရမ်းခံစားတတ်တယ်။ အရင်ကဆို နိုရာက တစ်ခုခုဆို မကောင်းတဲ့အရာတွေကနေ စစဉ်းစားတာပါ။ မကောင်းတဲ့ အမြင်တွေဘက်က စဉ်းစားတော့ အရမ်းပင်ပန်းတယ်။ အခုကတော့ ပေါ့ပေါ့ပါးပါးပဲ။ ကိုယ့်စိတ်ကို လွှတ်ပေးလိုက်တယ်။ အတွေးတွေကို ဒီလောက်နဲ့ပဲ ရပ်လိုက်ဖို့ သတိပေးဖြစ်တော့ အခုနောက်ပိုင်း သိပ်မခံစားရတော့ဘူး”လို့ နိုရာကပြောပါတယ်။

သူမရဲ့ တေးသီချင်းတွေကို ဝေဖန်သူတွေကြောင့်သာ လွဲမှားနေတဲ့အရာတွေ လိုအပ်ချက်ကိုလည်း ပြုပြင်နိုင်ခဲ့ပြီး ပရိသတ်ချစ်ခင်အားပေးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ပိုမိုနီးစပ်လာခဲ့တယ်ဆိုပါတယ်။ နိုရာရဲ့ တေးသီချင်းတွေအပေါ် ဝေဖန်သူတစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ နိုရာကတော့ ပရိသတ်တွေအတွက် ခင်ခင်ထား၊ အာ၀ါဟ၊ ကျဆိမ့်၊ ကျေနပ်ပါတယ်၊ In a Silent Relationship ၊ Just Friend၊ ခိုးရာ လိုက်မယ်၊ Single Pro Max-Nora၊ ပါတိတ်နဲ့ ချာတိတ်၊ ဦးရဲ့ကလေး မောင်လေးရဲ့ မမ စတဲ့သီချင်းတွေလည်း ထွက်ရှိထားသူ ဖြစ်ပါတယ်။

“နိုရာ စိတ်ဓာတ်ကျတဲ့ အချိန်တွေမှာဆိုရင် မိသားစုကို ပိုပြီးအချိန်ပေးဖြစ်တယ်။ နိုရာ့ဖေဖေက ငယ်ငယ်လေးကတည်းက ဆုံးသွားတာဆိုတော့ ဖေဖေကို ဘာမှကျေးဇူးမဆပ်လိုက်ရဘူး။ အခုချိန်မှာ နိုရာမှာ မေမေရှိသေးတယ်။ ငါစိတ်ဓာတ်ကျပြီး ဘာမှဆက်မလုပ်နိုင်ရင် အဖေ့ကိုကော အမေ့ကိုကော ကျေးဇူးမဆပ်နိုင်သလို ဖြစ်သွားမယ်လို့ တွေးတယ်။ ဘာပဲလုပ်လုပ်အမေ့ကိုပဲ ပြေးမြင်လိုက်တယ်။ အမေက ငါ့ကို မွေးထားတာ အမေ မွေးရကျိုးမနပ်တဲ့ သူမဖြစ်စေချင်ဘူးလို့ပဲ တွေးလိုက်တယ်”လို့ သူမက ဆက်ပြောပါတယ်။

နိုရာ့အနေနဲ့ အဆိုတော် စိန်လင်း (Aroma)နဲ့ တွဲဖက်သီဆိုထားတဲ့ “မေမေမုန်းမယ် မောင်”တေးသီချင်းသစ်ကိုလည်း သင်္ကြန်သီချင်းပုံစံမျိုး မဟုတ်ပေမယ့် သင်္ကြန် အငွေ့အသက်ပါဝင်တဲ့ တေးသီချင်းတစ်ပုဒ်လည်း ထွက်ရှိလာမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *