MT News

Written By Thandar

မြန်မာ့ခေတ်သစ်ပန်းချီလောကရဲ့ “ဆင့်ကဲပြောင်းလဲ” ပန်းချီပြပွဲနဲ့အတူ ပန်းချီစာအုပ်မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် Goethe Institut Myanmar မှာကျင်းပပါတယ်။

အဆိုပါ ဆင့်ကဲပြောင်းလဲပုံတွေကိုတော့ Abstruction ပန်းချီကားတွေကနေတစ်ဆင့် ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၄ ရက်အထိ နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ ပြသသွားမှာဖြစ်ပါတယ်။

“မြန်မာပြည်က ခေတ်ပေါ်ပန်းချီသမိုင်းကြောင်းလေးမှာ ကျွန်တော်က တစ်စိတ်တစ်ပိုင်းပါဝင်တာ ဖြစ်ပါတယ်။ Abstract ပန်းချီတွေကားတွေအကြောင်းပါဝင်တဲ့ ဆောင်းပါးလေးတွေလုပ်ထားပါတယ်။ Abstract မှာ ဆွဲခဲ့ဖူးတဲ့ နာမည်ကြီးပန်းချီဆရာဖြစ်တဲ့ ခင်ဝမ်း၊ ဝင်းဖေ၊ခင်မောင်ရင်တို့ ဒီလမ်းကြောင်းကို ဖောက်ခဲ့သူတွေရယ် နောက်မျိုးဆက်သစ်တွေပေါင်းပြီး ပန်းချီဆရာ ၁၁ ဦးပါပန်းချီပြပွဲလေးပါ။ စာအုပ်ကလည်း ပန်းချီမျိုးဆက်တွေကို ပန်းချီလောကကို လွှမ်းခြုံနိုင်မယ့် ဘာသာပြန်စာမူတွေပါတယ်။ အဟောင်းတွေလည်း ပြန်ထည့်ထားတာပါတယ်။ အသစ်တွေလည်း အများကြီးပါပါတယ်။ အားလုံးရဲ့ ဆုံချက်ကတော့ Abstract ပန်းချီလက်ရာတွေပါပဲ။ ဒီလက်ရာပေါ်မှာမူတည်ပြီး ပန်းချီပြပွဲရော စာအုပ်မိတ်ဆက်ပွဲပါ လုပ်ဖြစ်တာပါ။ မြန်မာပြည် ပန်းချီလောကက အားကောင်းတယ်။ ဒါပေမယ့် ပန်းချီဆိုတဲ့ စာအုပ်တွေက နည်းတယ်။ အားနည်းတဲ့ဘက်မှာ ကိုယ်လုပ်နိုင်တာကို ဝိုင်းလုပ်ဖြစ်တာပါ။ အဓိက ပန်းချီ သမိုင်းကြောင်းက အရေးကြီးတာကြောင့် စာအုပ်ကို ထုတ်ဖို့ စီစဥ်ဖြစ်တာပါ”လို့ စာအုပ်ထုတ်ဝေသူ ကိုစန်းမွန်အောင်ကပြောပါတယ်။

ပြပွဲမှာတော့ ပန်းချီဆရာကြီးတွေဖြစ်တဲ့ ဝင်းဖေ ၊ အောင်မြင့် ၊ ခင်မောင်ရင် ၊ ခင်ဝမ်း ၊ ကျော်ညွှန့်လင်း ( Jimmy) ၊ ကြီးမြင့်စော ၊ ကြူကြူ၊ MPP ရဲမြင့် ၊ မင်းသူရိန် ၊ နေထွန်း ၊ စိုးနိုင် တို့ရဲ့ မတူကွဲပြား တန်ဖိုးရှိတဲ့ အ တွေးအမြင်လက်ရာတွေကို ပြသထားပါတယ်။ စာအုပ်မှာလည်း နာမည်ကြီး ပန်းချီဆရာတွေရဲ့ပုံတွေ ပါဝင်သလို မျိုးဆက်သစ်လူငယ်တွေရဲ့ ပန်းချီတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ မတူညီတဲ့ခေတ်၊ မတူညီတဲ့ ပုံစံ၊ မတူညီတဲ့ မျိုးဆက်များရဲ့ Abstract ပန်းချီလက်ရာတွေကို မတူညီမှုတွေအခြေခံပြီး ပန်းချီလက်ရာတွေရဲ့ ဆင့်ကဲပြောင်းလဲနေမှုတွေကို လက်တွေ့ခံစားနိုင်ဖို့ ကိုယ်တိုင်လာရောက် ကြည့်နိုင်တယ်လို့ သိရပါတယ်။

“ကျွန်တော့်အနေနဲ့ ဒီပန်းချီပြပွဲမှာ ပြသခွင့်ရလို့လည်း အရမ်းကို ဝမ်းသာရပါတယ်။ ကျွန်တော် ၁၉၇၃ ခုနှစ်ကရန်ကုန်ပန်းချီပန်းပုကျောင်းတက်ပြီးနောက် ၁၉၇၆ ခုနှစ်လောက်မှာ မဂ္ဂဇင်းသရုပ်ဖော်၊ ပုံတူပန်းချီ ၊ ရုပ်ရှင်ပိုစတာနဲ့ ဆိုင်းဘုတ်တွေ ရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။ မော်ဒန်ပန်းချီကိုတော့ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်မှ စဆွဲဖြစ်တာပါ။ အခုကတော့ ဆရာ့ရဲ့ပန်းချီ ၂ကားကို ပြသထားတာပါ”လို့ ပန်းချီဆရာ နေထွန်းကပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်စပြီး “ဆင့်ကဲပြောင်းလဲ” ပန်းချီစာအုပ်ကို ကျပ် ၂၈၀၀၀ တန်ဖိုးနဲ့ အုပ်ရေ ၁၀၀၀ ထုတ်ထားပြီး ငါတို့စာပေ Publishing partner ကနေ ရောင်းချပေးလျှက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *