၂၁. ၂. ၂၀၂၃
Written by Peya

ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ကျင်းပခြင်းဖြင့် ပိုမိုကောင်းမွန်သော သုတေသနများကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝါဝါအောင်က MT News သတင်းဌာနသို့ ပြောသည်။

(၅၁) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကို ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ အမှတ်(၅) ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာနတွင် ဖေဖော်ဝါရီ ၂၀ ရက်မှ စတင်ကာ ၅ ရက်တာ ပြုလုပ်သွားမည်ဖြစ်သည်။ ထိုညီလာခံတွင် အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ပညာရှင်များလည်း တက်ရောက်သွားမည်ဖြစ်သည့်အပြင် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ၄ ခုလည်း ပါဝင်မည်ဖြစ်ကာ အထက်ပါနိုင်ငံများမှ သုတေသနပညာရှင်များနှင့် ပြည်တွင်းမှ သုတေသနပညာရှင်များက ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“သုတေသန တွေ့ရှိချက်တွေကို တင်ပြပြီးရင် ကျန်းမာရေးပညာရှင်တွေဆီရောက်ပြီး သိရှိဆွေးနွေးဖို့ရယ်၊ အသုံးချနိုင်ဖို့ရယ်၊ နောက်ပြီးရင် ကျန်းမာရေးအသိပညာ တိုးတက်မှုလာပြီး ကျန်းမာရေးအဆင့်အတန်း မြင့်မားလာအောင် ရည်ရွယ်ပါတယ်။ ဒီမှာကျတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နှစ်စဉ်ကျင်းပတဲ့ စာတမ်းဖတ်ပွဲဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေး ဝန်ကြီးဌာနအောက် နှီးနွယ်တက္ကသိုလ်တွေပေါ့နော်။ ဝန်ကြီးဌာနအောက်မဟုတ်လည်း ပူးပေါင်းဆောင်ရွက်နေတာရှိတယ်။ နိုင်ငံခြားနဲ့ ဆောင်ရွက်တဲ့ သုတေသနတွေလည်း ရှိတယ်။ ဒီမှာ အချင်းချင်းတင်ပြကြတာ ဖြစ်တယ်။ ကိုယ့်တွေ့ရှိချက်တွေကို ဆွေးနွေးတယ်။ လိုအပ်တာတွေကို အကြံပြုတဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ သုတေသနတွေ ဆက်လုပ်ဖို့၊ အချက်အလက်တွေဟာ အသုံးချနိုင်မယ့်လူတွေရဲ့ လက်ထဲကို ရောက်ရှိပြီး ဆက်ပြီး အကောင်အထည်ဖော်ဖို့၊ လိုအပ်ချက်တွေကို ထောက်ပြတာဆိုရင်လည်း ပြန်ပြီးဆောင်ရွက်လိုါရအောင်၊ အသုံးချနိုင်အောင်လုပ်မယ်” ဟု ဒေါက်တာ ဝါဝါအောင်က ပြောသည်။

ပူးပေါင်းဆောင်ရွက်မှုများလည်း ဆက်ပြီးတိုးတက်လာနိုင်မည့်အပြင် ရလာဒ်များကိုလည်း ပိုမိုအသုံးချလာနိုင်မည် ဖြစ် ကြောင်းလည်း ၎င်းက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *