နေမိုး
၁၄. ၁.၂၀၂၆
ပြည်သူ့ရှေ့ဆောင်ပါတီက ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ဗဟိုကော်မတီဝင်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
“ကျွန်တော်တို့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ဥက္ကဋ္ဌကြီး ဒေါ်သက်သက်ခိုင်နှင့် ဗဟိုကော်မတီဝင်တစ်ဦးတို့အားနိုင်ငံတော်မှ ဖမ်းဆီးထိန်းသိမ်းလိုက်သည်မှာ သတင်းမှန်ပါလို့ ဗဟိုကော်မတီဝင်တစ်ဦးမှ အတည်ပြုပါတယ်…ဖမ်းဆီးထိန်းသိမ်းရခြင်းအကြောင်းအရင်းကိုတော့ မသိရသေးပါ ခင်ဗျာ… “လို့ PPP ပါတီကိုယ်စားပြုပြီး စစ်ကိုင်း အမျိုးသားလွှတ်တော် (PR) မဲဆန္ဒနယ်မြေ (၂) က ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ ဦးတင့်လွင်စိုးက လူမှုကွန်ရက်မှာ ဒီည အသိပေးထားပါတယ်။
ဒေါက်တာသက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဟာ ၂၀၂၅ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမဲ့ ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသက်သက်ခိုင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက်ခံရတဲ့ ဒေါက်တာသက်သက်ခိုင်က ရွေးကောက်ပွဲကော်မရှင်ထံမှာ အသနားခံစာတင်ထားပေမယ့် ပယ်ချခံခဲ့ရပါတယ်။
ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက်ခံလိုက်ရပြီးတဲ့နောက်မှာ ဒေါက်တာသက်သက်ခိုင်ဟာ တပ်မတော်နဲ့ရွေးကောက်ပွဲကို ဝေဖန်မှုအချို့ပြုလုပ်ခဲ့တာလည်း တွေ့မြင်ရပါတယ်။ ဦးတင့်လွင်စိုးက ဖမ်းဆီးခံရမှုကို အတည်ပြုထားပေမယ့် ကနဦးမှာတော့ ဒေါက်တာသက်သက်ခိုင်နဲ့ ဗဟိုကော်မတီဝင်တစ်ဦးတို့ ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတဲ့ဖြစ်စဥ်ကို ညသန်းခေါင်ကျော်အချိန်မှာ MT News က အသေးစိတ်အတည်မပြုနိုင်သေးပေမဲ့ တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းပြီးရင် ဖြစ်စဥ်အမှန်အပေါ် ဆက်လက် ဖော်ပြပေးပါမယ်။
