◾️ ယခုကာလအတွင်း ICJ နှင့် ပတ်သက်ပြီး မိဘပြည်သူများ သိခွင့်ရရှိအောင် အခါအားလျော်စွာ ဆက်လက်တင်ပြပေးသွားမည်ဟုပါ ပြောကြား
၁၃. ၁. ၂၀၂၆
Written by Nyein Kyaw
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး သွားရောက်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်တစ်ဖွဲ့လုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ နိုင်ငံနှင့်ပြည်သူကို ကြိုးစားကာကွယ်သွားမည်ဖြစ်ကြောင်း နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြိုရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တန်ပြန်လျှောက်လဲချက်များပေးရန် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဇန်နဝါရီ ၁၂ ရက်(ယမန်နေ့) တွင် ပြောကြားသည်။
ICJ တွင် သွားရောက်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း မဟုတ်မမှန် ကောလာဟလသတင်းများ ထုတ်လွှင့်နေများနှင့် ပတ်သက်ပြီး အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးက ICJ မှာ အပြန်အလှန် နှုတ်ဖြင့်လျှောက်လဲရန် ရောက်ရှိနေသည့် ဇန်နဝါရီ ၁၂ ရက် မနက် ၈ နာရီဝန်းကျင်တွင် ဗီဒီယိုဖိုင်ရိုက်ပြီး ပြန်လည်တုံ့ပြန်ဖြေရှင်းခဲ့ပြီး ၎င်းတို့အဖွဲ့ ဆောင်ရွက်နေမှုများကိုပါ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အားလုံးသိကြတဲ့အတိုင်းပဲ မြန်မာနိုင်ငံကို ၂၀၁၆ နဲ့ ၂၀၂၁၇ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ လူမျိုးတုံးသေစေမှုဆိုတဲ့ Genocide ကျူးလွန်ခဲ့တယ်ဆိုပြီး အာဖရိကတိုက်ရဲ့ အစွန်အဖျားနိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ဂမ်ဘီယာကနေပြီးတော့မှ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုဖွင့်ပြီးတော့မှ စွဲဆိုထားတဲ့အတွက်ကြောင့်မို့ ရုံးတော်ရှေ့မှာ အပြန်အလှန် နှုတ်နဲ့လျှောက်လဲသွားဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။ အခုလည်းပဲ ကျွန်တော်တို့ တရားရင်ဆိုင်နေတဲ့ သတင်းဗီဒီယိုမှာ မြင်နေရတဲ့အတိုင်း မနက် ၈ နာရီရောက်နေတာတောင်မှပဲ မှောင်နေဆဲဖြစ်ပြီးတော့ အပူချိန်ကလည်း အင်မတန်မှအေးနေတာဖြစ်ပါတယ်။ ဒီလိုအမျိုးမျိုးသော ဖိအားတွေ၊ မီဒီယာရဲ့တိုက်ခိုက်မှုတွေ ရင်ဆိုင်ပြီးတော့ ကျွန်တော်တို့က နိုင်ငံချစ်စိတ်နဲ့ နေ့ရောညပါ အလုပ်လုပ်နေကြတာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောကြားသည်။
“ကျွန်တော်တို့ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံကနေလာတဲ့ ICJ လုပ်ငန်းအဖွဲ့၊ ဘရပ်ဆဲလ်မှာ အခြေစိုက်တဲ့ မြန်မာသံရုံးရော၊ နိုင်ငံတကာအဆင့်မီအဖွဲ့တွေပါ တက်တက်ကြွကြွနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ဒီအတွက်လည်းပဲ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဘက်၊ ရဲဖော်ရဲဘက်တွေကို ကျေးဇူးတင်ရပါတယ်။ ဒီနေ့ဆိုလို့ရှိရင်တော့ တရားရုံးမှာ အမှုစစ်ဆေးတဲ့ ပထမဆုံးနေ့ဖြစ်ပြီးတော့ ဂမ်ဘီယာဘက်က ဦးစွာလျှောက်လဲရမှာဖြစ်ပါတယ်။ ပြီးရင်တော့ လာမယ့် ၁၆ ရက်နေ့ကစပြီးတော့ ကျွန်တော်တို့ဘက်က ပြန်လည်လျှောက်လဲသွားရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်းပဲ နှစ်ဘက်သက်သေတွေကို တရားရုံးရှေ့မှာတင်သွင်းပြီးတော့မှ စစ်ဆေးသွားဖို့ရှိပါတယ်။ ဒီကာလတစ်လျှောက်လုံးမှာ ICJ နဲ့ ပတ်သက်လို့ ဖြစ်ထွန်းပေါ်ပေါက်မှုတွေကို မိဘပြည်သူတွေ သိခွင့်ရအောင်၊ ကျွန်တော်တို့ ပြောခွင့်ရသမျှ အခါအားလျော်စွာ အကျဉ်းချုပ်ပြီးတော့မှ ဆက်လက်တင်ပြသွားမှာဖြစ်ကြောင်း အသိပေးပါတယ်ခင်ဗျာ” ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောကြားသည်။
အဆိုပါ ICJ တွင် စတင်တရားစွဲဆိုခံရသည့်အချိန်မှစတင်ပြီး ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က “ကျွန်တော်တို့ ဒီအမှုကို ရင်ဆိုင်ခဲ့ရာမှာ အစကတည်းက သက်သောင့်သက်သာနဲ့ ရင်ဆိုင်ခဲ့ရာတာမဟုတ်ပါဘူး။ ပထမဦးဆုံး ကိုဗစ်-၁၉ ကပ်ရောဂါဘေးနဲ့ ရင်ဆိုင်နေရတဲ့ကြားထဲက နိုင်ငံတကာအဖွဲ့တွေနဲ့ ခက်ခက်ခဲခဲ ဆက်သွယ်ပြီးတော့မှ ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်းပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလိုပဲ ၂၀၂၃ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်း (မိုခါ)ကြောင့်မို့ပဲ ဒီဒေသမှာ တော်တော်လေး ထိခိုက်ခံစားခဲ့ရတာဖြစ်ပါတယ်။ အဲဒီရဲ့နောက်ပိုင်းမှာဆိုရင်လည်း အစိုးရရုံးစိုက်နေရာဖြစ်တဲ့ နေပြည်တော်မှာ ရေကြီးမှုတွေ၊ ငလျင်ဘေးဒဏ်တွေ ခံစားခဲ့ရတာ အားလုံးအသိပဲဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးလှုပ်တဲ့အချိန်တုန်းက ကျွန်တော်တို့က ICJ လုပ်ငန်းအစည်းအဝေး လုပ်နေခဲ့တာဖြစ်ပါတယ်။ အစည်းအဝေးလုပ်နေတဲ့အချိန်မှာပဲ ခေါင်မိုးပေါ်က မျက်နှာကြက်တွေ ပြုတ်ကျလာတဲ့အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင်မှပဲ ကျွန်တော့်နောက်ဘက် နံရံက ကွန်ကရစ်တုံးကြီး ပြုတ်ကျလာတာ ကံကောင်းလို့ အသက်ဘေးကနေပြီးတော့ သီသီလေးလွတ်ခဲ့ရတာဖြစ်ပါတယ်”ဟု ရှင်းလင်းပြောကြားသည်။
ယခုကဲ့သို့ အခက်အခဲကြားများမှ သွားရောက်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာပြည်သူများက သောင်းသောင်းဖြဖြ ထောက်ခံမှုအပေါ် ဝမ်းသာကျေးဇူးတင်ကြောင်းနှင့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ နိုင်ငံနှင့် ပြည်သူကို ကြိုးစားကာကွယ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောကြားသည်။
“ဒီလိုအခက်အခဲ အကျပ်အတည်း အမျိုးမျိုးတွေကြားကပဲ ကျွန်တော်တို့အဖွဲ့တွေက စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်နဲ့ ကြိုးစားခဲ့ကြခြင်းဖြစ်ပါတယ်။ အခုလို မြန်မာပြည်သူလူထု တစ်ရပ်လုံးရဲ့ သောင်းသောင်းဖြဖြ ထောက်ခံအားပေးမှုတွေကိုလည်း ကျွန်တော်တို့တစ်ဖွဲ့လုံးက အထူးတန်ဖိုးထားပြီးတော့မှ ကျေးဇူးတင်ရပါကြောင်းနဲ့ ကျွန်တော်တို့ တစ်ဖွဲ့လုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ နိုင်ငံနဲ့ ပြည်သူကို ကြိုးစားပြီးတော့မှ ကာကွယ်သွားပါမယ်ဆိုတဲ့အကြောင်း ပြောကြားရင်းနဲ့ နောက်ဆုံးအနေနဲ့ ပြောပြချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောကြားသည်။
