◾️အကယ်ဒမီပေးအပ်ပွဲ ရှိ မရှိ မသိရသေး

၂၀ . ၂. ၂၀၂၃
Written By Thandar

အနုပညာရှင်တွေရဲ့ ဘဝမှတ်တိုင်တစ်ခုဖြစ်တဲ့ ရုပ်ရှင်အကယ်ဒမီကို စိစစ်အကဲဖြတ်တဲ့နေရာမှာ ဝါရင့် အနုပညာရှင် အတတ်ပညာရှင်တွေအပြင် အတွေးအခေါ်သစ် အမြင်သစ်ရှိတဲ့ လူငယ်တွေလည်း အကယ်ဒမီ အကဲဖြတ်ကြည့်ရှုတာနဲ့ ပတ်သက်ပြီး ပါဝင်စေချင်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT News Entertainment ကို ပြောပါတယ်။

“လောလောဆယ် အကယ်ဒမီပေးပွဲ လုပ်တာ မလုပ်တာတော့ မသိသေးဘူး။ ၂၀၁၉ ခုနှစ်က ဇာတ်ကားတွေကို ကြည့်ပြီး စိစစ်ပြီးသားတွေရှိပါတယ်။ အကဲဖြတ်ဒိုင်တွေက စိစစ်ပြီးတော့အမှတ်ပေးထားတာကို ပုံးတစ်ခုထဲမှာ ချိပ်ပိတ်ပြီး ထားထားပါတယ်။ ၂၀၂၀ က ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၂၁ ကားကိုလည်း ကြည့်ရှု ဆုံးဖြတ်ချက်ချဖို့ ရှိတယ်။ နောက် ၂၀၂၁ ခုနှစ်က ရုံတင်ပြသကား သိပ်မရှိဘူး။ ကိုဗစ်က တော်တော်ဆိုးနေတယ်။ အကယ်ဒမီကျင်းပတာ မကျင်းပတာက တစ်ပိုင်းပါ အားလုံးကို စိစစ်သုံးသပ်ဖို့တော့ ရှိပါတယ်။ ရွေးချယ်ပြီး ပုံးတစ်ခုမှာ ချိပ်ပိတ်ထားဖို့ရှိပါတယ်”လို့ ဦးအေးကြူလေးကပြောပါတယ်။

မြန်မာနိုင်ငံက ပရိသတ်အားပေးမူ အမြင့်ဆုံးအချိန်ကို ရောက်ရှိခဲ့တဲ့ အနုပညာရှင်တွေရဲ့ ဘဝမှတ်တိုင်တစ်ခုဖြစ်တဲ့ အကယ်ဒမီပေးပွဲကို နှစ်စဥ်ကျင်းပခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီအကယ်ဒမီပေးပွဲတွေကို နှစ်စဥ် ခမ်းခမ်းနားနား ကျင်းပခဲ့သလို နှစ်စဥ်မကျင်းပဖြစ်တဲ့ နှစ်တွေမှာလည်း ၂ နှစ်ပေါင်းပြီး ကျင်းပခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။

နှစ်သစ်တစ်ခုရဲ့ နှစ်ဆန်းပိုင်းမှာ ကျင်းပမြဲဖြစ်တဲ့ အကယ်ဒမီပေးပွဲတွေ မကျင်းပဖြစ်တာဆိုရင် ၂၀၁၉ ခုနှစ်အတွက် ၂၀၂၀ ပြည့်နှစ်မှာ အကယ်ဒမီဆု ပေးမယ်ဆိုရင်တောင် ဒီနှစ်နဲ့ဆိုရင် မပေးဖြစ်တာ ၃ နှစ်ကာလထဲ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

“တချို့ကလည်း အကယ်ဒမီအတွက် ကြည့်ရှုဆုံးဖြတ်ဖို့ အချိန်မပေးနိုင်သူလည်း ရှိတယ်။ အချိန်ပေးနိုင်သူကလည်းတော်တော်ရှားပါတယ်။ ဘာပဲဖြစ်ဖြစ် အတွေးအခေါ်သစ် အမြင်သစ်ရှိတဲ့ လူငယ်တွေလည်း အကယ်ဒမီ အကဲဖြတ်ကြည့်ရှုတာနဲ့ ပတ်သက်ပြီး ပါဝင်စေချင်တယ်။ လူငယ်ပိုင်းတွေ ဝင်လာရင်တော့ ပိုကောင်းတယ်။ ဇာတ်ကားတွေကို အကုန်လုံး ကြည့်ပြီးစိစစ်ပေးဖို့က ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” လို့ ‌သူက ဆက်ပြောပါတယ်။

အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ၂၀၁၉ ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားပေါင်း ၉၇ ကားရှိခဲ့ပြီးတော့ အကယ်ဒမီ ဆန်ကာတင်စာရင်းဝင် ဇာတ်ကား ၂၉ ကားရှိတာကိုလည်း တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ကိုဗစ် ကာလနောက်ပိုင်း ၂၀၂၀ ပြည့်နှစ်မှာ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၁ ကားနဲ့ ၂၀၂၂ ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀ ကို ပြသခဲ့ပြီး ဖြစ်ပါတယ်။ ရုပ်ရှင်အကယ်ဒမီဆုပေးပွဲနဲ့ပတ်သက်ပြီး ပတ်သက်ပြီး ဘာသာရပ်ဆိုင်ရာ အလွှာအလိုက် ကျွမ်းကျင်သူတွေကို လိုအပ်နေတယ်လို့ သိရပါတယ်။ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၂ ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားပေါင်း ၄၁ ကားကို အချိန်သေချာပေးပြီး ဇာတ်ကားတွေ စိစစ်အမှတ်ပေးရမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *