၂၀. ၂. ၂၀၂၃
Written By Thandar

သုံးပွင့်ဆိုင်ဇာတ်ကားဖြစ်တဲ့ “ပင်လယ်ပြာပြာ မိုးပြာပြာ” ဇာတ်လမ်းတွဲရိုက်ဖို့ သရုပ်ဆောင်တွေ သေချာရွေးချယ်ပြီးတော့ ကန်တော့ပေးတဲ့နေ့မှာ သရုပ်ဆောင်နာမည် ရှေ့ဆုံးက မပါရလို့ ဘုရားပေါ်ရောက်လာပြီးမှ သူ့နာမည် ရှေ့ဆုံးမတင်လို့ ခြူးလေးက အပေါ်တက်မလာဘူးဆိုတာကြောင့် မူလရွေးချယ်ထားတဲ့ ခြူးလေးနေရာမှာ အင်ကြင်းထူးကို ပြောင်းလဲရွေးချယ်လိုက်ပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့ အစော်ကားမခံနိုင်ဘူးလို့လည်း ဒါရိုက်တာဟိန်းစိုးက ဖွင့်ဟလာပါတယ်။

“ပင်လယ်ပြာပြာ မိုးပြာပြာ” ဇာတ်ကားအတွက် သရုပ်ဆောင်မင်းသမီးတွေအဖြစ် မေမီကိုကို၊ ခြူးလေးတို့ကို ရွေးချယ်ထားပြီး ဇာတ်ကားရိုက်ကူးမဲ့ပိုစတာမှာတော့ ခြူးလေးကို ဒုတိယနေရာမှာထားလို့ မလာရောက်ခဲ့တာကြောင့် မင်းသမီး ခြူးလေးနေရာကို အရင်ထဲက ရံထားပြီးသားဖြစ်တဲ့ မင်းသမီး အင်ကြင်းထူးကို ပြောင်းလဲရွေးချယ်ခဲ့တာပါ။ သရုပ်ဆောင် အနုပညာရှင်ကြီးတွေရဲ့ အမည်နာမတွေကို ရှေ့နောက်ထားတာနဲ့ ပတ်သက်ပြီး အရင်ကလည်း ဒီလိုဖြစ်စဥ်တွေရှိခဲ့သလို ရုပ်ရှင်လုပ်သက် ဝါပေါ် မူတည်ပြီး နာမည်တွေကို ထည့်ခဲ့တယ်လို့လည်း သိရပါတယ်။

“သုံးပွင့်ဆိုင်ဇာတ်ပေါ့နော်။ အပြိုင်ဇာတ်လေးပါ။ ကာရိုက်တာ ဇာတ်ရုပ်တွေနဲ့ ပတ်သက်ပြီး အားလုံးပြီးမှ ကန်တော့ပွဲနေ့မှာ ထ ဖောက်ကြတာပါ။ အမှန်ကတော့ သရုပ်ဆောင်ဆိုတာ အိုက်တင်ပြိုင်ကြတာလေ။ အမူအယာ ပြိုင်ကြတဲ့ပွဲကိုမှ နာမည်လာပြိုင်တယ်ဆိုတော့လေ။ ဆရာလည်း တစ်သက်နဲ့တစ်ကိုယ် ရုပ်ရှင်လောက နှစ် ၄၀ မှာ တခါမှလည်း မကြားဖူးဘူး။ လုပ်လည်း မလုပ်ရဘူး။ လုပ်လည်း မလုပ်သင့်ဘူးလေ။ ဒီမင်းသမီးက လုပ်သွားတာကို အံ့လည်း အံ့သြတယ်။ ကန်တော့ပွဲလာသူ အားလုံးကို စော်ကားနေသလိုပါပဲ။ ဘုရားပေါ်ရောက်လာပြီးမှ သူ့နာမည်ရှေ့မတင်လို့ အပေါ်တက်မလာဘူးဆိုတဲ့ စိန်ခေါ်မူကြီးက ဘယ်လောက်ထိလဲ။ ဒါရိုက်တာတစ်ယောက်အနေနဲ့ အဲဒီလောက်အစော်ကားမခံနိုင်ဘူး။ နာမည်ပြိုင်မှာလား အိုက်တင်ပြိုင်မှာလား။ အပြိုင်ဇာတ်ကြီးကို အဲဒီလိုလုပ်လိုက်တာက ဘယ်သူမှားတယ်ဆိုတာ ကိုယ်ဟာနဲ့ကိုယ်သာ ဆုံးဖြတ်ပါ”လို့ ဒါရိုက်တာဟိန်းစိုးက ပြော ပါတယ်။

ဒါရိုက်တာ ဟိန်းစိုးရိုက်ကူးမယ့် “ပင်လယ်ပြာပြာ မိုးပြာပြာ” ဇာတ်လမ်းတွဲက အပိုင်း ၁၆ ပိုင်းပါဝင်မှာဖြစ်သလို လာမယ့် မတ်လမှာ ဧရာဝတီတိုင်းက ဂေါ်ရန်ဂျီကျွန်း၊ ငရုပ်ကောင်းရွာဘက်မှာ သွားရောက်ရိုက်ကူးကြမယ်လို့ သိရပါတယ်။

“အနုပညာလောကမှာ နာမည်ကိစ္စနဲ့ ရှေ့ရောက်ရောက် နောက်ရောက်ရောက် နာမည်က ကြည့်ပြီး ဖတ်ရတဲ့ အသံထွက်ပဲရှိတာလေ။ ကြည့်ပြီး ပီတိဖြစ်ရတဲ့ ဟာကနဲ ဟင်ကနဲက သရုပ်ဆောင်ပိုင်းမှဖြစ်တာလေ။ ဒီမဟုတ်တဲ့ နာမည်လေး ရှေ့နောက်ရေးတာကို ဒီအပေါ်မှာ အခွင့်အရေးလိုချင်တယ်ပေါ့ကွာ။ မလုပ်သင့် မလုပ်ထိုက်ဘူးပေါ့။ အနုပညာလောကမှာ နောင်လာနောက် သား နာမည်ဘယ်လောက်ကြီး ကျော်ကြားကျော်ကြား နာမည်လေး နောက်ရောက်သွားသွား ရှေ့ရောက်သွားသွား ဒီဟာက လူကဲရဲ့ခြင်းလည်း မခံရပါဘူး။ အနာပေါ် တုတ်ကျသွားတာလည်း မဟုတ်ပါဘူး။ နာတာလည်း မဟုတ်ဘူးလေ။ ဒါမျိုးမှသည်းခံရင် ရှေ့လျှောက် သူ့ကိုပေါင်းသင်းဆက်ဆံဖို့က ဆရာတို အများကြီး ဒုက္ခရောက်သွားမှာပေါ့။ သူက ဒီလောက်ဖြစ်တယ်ဆိုရင်ပဲ ဒီနေရာတင်ပဲ ဖြတ်ချလိုက်တာပါ။ ဆရာတို့မှာ နဂိုထဲကသိလို့ ဆရာ့တပည့်တွေ အကုန်လုံးကို ရံထားတာပါ။ ကျန်းမာရေးကြောင့်ဖြစ်ဖြစ်ပေါ့။ ဒီလိုမျိုးဖြစ်လာမှာ စိုးလို့လေ” လို့ ဒါရိုက်တာဟိန်းစိုးက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *