
၁.၁.၂၀၂၆
Written By Thandar
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ရွှေကြိုနောက်ဆုံးအဆင့်ကို ဆက်လက်ဝင် ရောက် ယှဉ်ပြိုင်ရမယ့် ရွှေကြိုမောင်မယ် အယောက် ၅၈ ဦး စာရင်းကို ဒီဇင်ဘာ ၃၁ ရက် ညနေကပိုင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ခဲ့ပါတယ်။

“ဒီနေ့ ညနေပိုင်းက ရွှေကြိုနောက်ဆုံးအဆင့် ဆက်လက်ယှဉ်ပြိုင်ရမယ့် လူအယောက် ၅၈ ဦးရဲ့ စာရင်းကို ကျွန်တော်တို့ စာရင်းထုတ်ပြန်လိုက်တာပါ။ ခုရွေးချယ်ခံရတဲ့ အယောက် ၅၈ ဦးက လာမယ့် ဇန်နဝါရီ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီးတော့ ရုပ်ရှင်အစည်းအရုံးက Viber ဖုန်းကိုတစ်ဆင့် သတင်းပေးပို့ရမှာပါ။ နောက်ဆုံးအဆင့်ကို ရွေးချယ်ခံသူတွေက အကယ်ဒမီစင်မြင့်ပေါ်မှာ အကယ်ဒမီရရှိသူတွေကို ရွှေစင်ကြယ် ရုပ်တုကို ကိုင်ဆောင်ပေးမှာလည်းဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ အနုပညာသရုပ်ဆောင်ပိုင်းတွေရော တကယ် လိုအပ်ချက်ရှိတာတွေကို မေးမြန်းသွားမှာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ ရွေးချယ်ခံရသူ အယောက် ၅၈ ဦးက နောက်ဆုံးအဆင့် ဆက်လက်ယှဉ်ပြိုင်ဖို့ မိမိအမည်နဲ့ ပြိုင်ပွဲဝင်လျှောက်လွှာအမှတ်တွေကို ဇန်နဝါရီ ၁ ရက် နေ့လည် ၁၂ နာရီ နောက်ဆုံးထားပြီး Viber ၀၉ ၈၈၀၈၉၆၉၅၇ ကို တစ်ဆင့်ပေးပို့ ဆက်သွယ်ရမှာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ရွှေကြိုလျှောက်ထားသူ လူဦးရေ အယောက် ၂၅၀ နီးပါးကနေ ဒုတိယအဆင့်မှာလူဦးရေ ၁၀၄ ဦး၊ တတိယအဆင့်မှာ လူဦးရေ ၅၈ ဦးစာရင်းကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ရွှေကြို ၅၈ ဦးက နောက်ဆုံးအဆင့်ကို ဆက်လက်ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ နေပြည်တော်မှာ ကျင်းပမယ့် ရွှေကြိုရွေးချယ်ခံရသူ ရွှေကြိုမောင်မယ်တွေကိုတော့ အတွဲ ၁၀ တွဲ(သို့) အတွဲ ၇ တွဲလောက် ရွေးချယ်ပေးသွားမယ်လို သိရပါတယ်။
