Asia World ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် လျှပ်စစ်ကားများကို စစ်ဆေးနေမှုကို တွေ့ရစဉ်
MT News
Written by Ye Kyaw
မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံထုတ် BYD အမှတ်တံဆိပ် လျှပ်စစ်ကား ၂၅ စီး ထပ်မံရောက်ရှိလာ၍ လျှပ်စစ်ကား ၆၅ စီးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ကော်မတီမှ သိရသည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ရောက်ရှိလာသည့် လျှပ်စစ်ကားများကို လျှပ်စစ် သုံးယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ၊ သွင်းကုန်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာပါအချက်အလက်များ ကိုက်ညီမှန်ကန်မှု ရှိ၊ မရှိ ဖေဖော်ဝါရီ ၁၈ ရက်တွင် သွားရောက်စစ်ဆေးခဲ့သည်။
ယခုရောက်ရှိလာသည့် BYD အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ် ၂၅ စီးသည် ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁၅ ရက်တွင်ရောက်ရှိပြီး ၁၆ ရက်တွင် Import Declaration ဖွင့်လှစ်၍ အကောက်ခွန်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ လျှပ်စစ်သုံးယာဉ် ၂၅ စီးသည် BYD Atto 3 အမျိုးအစား ၁၅ စီးနှင့် BYD Dolphin အမျိုးအစား ၁၀ စီးဖြစ်ပြီး လူစီးယာဉ်အဖြစ်အသုံးပြုနိုင်ရေး ရည်ရွယ်၍ Essential Motor Co., Ltd. က တင်သွင်းလာခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင်း City Taxi အဖြစ်ပြေးဆွဲမည့် BYD အမျိုးအစား လျှပ်စစ်သုံးယာဉ်များကိုလည်း မူရင်းကုမ္ပဏီတွင်မှာယူထားပြီး မတ်လအတွင်း၌ ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက လျှပ်စစ်သုံးယာဥ်အစီး ၄၀ ရောက်ရှိခဲ့ပြီးဖြစ်သဖြင့် လက်ရှိတွင် မြန်မာနိုင်ငံသို့ လျှပ်စစ်ကားအစီးရေ စုစုပေါင်း ၆၅ စီးအထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ယခင်ရောက်ရှိပြီး လျှပ်စစ်ကား အစီး ၄၀ ကိုမူ ရန်ကုန်လေဆိပ်တွင် အခြေပြု၍ တက္ကစီ ၁၀ စီး၊ နေပြည်တော် သပြေကုန်ဈေးတွင် အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲခြင်းနှင့် ကျန်အစီး ၂၀ ကို လူစီးယာဉ်များအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။
