◾️ မဲပေးပြီးနောက် မှင်တို့လက်သန်း ထောင်ပြကာ နိုင်ငံသားတစ်ယောက် တာဝန်ကျေပြီနော်ဟုပါ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား
၂၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်မည်ဟု ယုံကြည်ကြောင်းနှင့် ယခုရွေးကောက်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံသားများ လိုလားတောင့်တသည့် ခေတ်သစ်၊ စနစ်သစ်တစ်ခုကို ရောက်လာမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယနေ့ စတင်ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက်၊ မဲရုံအမှတ် (၁) ၌ ဗိုလ်ချုပ်ဇော်မင်းထွန်းက လာရောက်မဲပေးစဉ် မီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် တောင်းဆိုမှုများကြောင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကူးပြောင်းပေးခဲ့ပြီး အတူတကွ လျှောက်လှမ်းခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြောင်းခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ခဲ့သည့်အတွက် ယခုဖြစ်ပေါ်နေခဲ့သည့် အခြေအနေများသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။




“အခု ကျွန်တော်တို့ ဒီနိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအစိုးရအနေနဲ့က ငါးနှစ်လောက်ကြာသွားတယ်။ ငါးနှစ်လောက်ကြာပြီးနောက်ပိုင်းမှာ ဒီရွေးကောက်ပွဲ စတင်ဖြစ်တယ်။ ဒီရွေးကောက်ပွဲဟာ ကျွန်တော် ယုံကြည်တာကတော့ အောင်မြင်မယ်လို့ ယုံကြည်တယ် နံပါတ်တစ်၊ နံပါတ်နှစ်ကတော့ ဒီရွေးကောက်ပွဲကနေတစ်ဆင့် ကျွန်တော်တို့ မြန်မာနိုင်ငံသည် ကျွန်တော်တို့ လိုလားတောင့်တနေတဲ့ ခေတ်သစ်၊ စနစ်သစ်တစ်ခုကို ရောက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ကြောင့် ယခုရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် ပြည်သူအားလုံးကလည်း တာဝန်ကျေစွာ မဲပေးရန်နှင့် ရွေးကောက်ပွဲ အပိုင်း (၂) နှင့် အပိုင်း (၃) တို့တွင်လည်း မိမိကြိုက်နှစ်သက်သူများကို မဲပေးကြပါရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့အတူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက်၊ မဲရုံအမှတ် (၁) တွင် ကိုယ်တိုင် လာရောက်မဲပေးခဲ့သည့်အပြင် မဲပေးပြီး ပြန်လည်ထွက်ခွာချိန် မဲပေးပြီးကြောင်း မှင်တို့လက်သန်းအား ထောင်ပြပြီး ကျွန်တော်နိုင်ငံသားတစ်ယောက် တာဝန်ကျေပြီနော်ဟုပါ မီဒီယာများထံ ပြောကြားခဲ့သည်။
