၂၈. ၁၂. ၂၀၂၅
MT News Editorial
ယနေ့သည် မြန်မာနိုင်ငံသားတို့အတွက် ထူးခြား အရေးပါသော နေ့တစ်နေ့ ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ရွေးကောက်ပွဲကို စတင်ကျင်းပနေပြီဖြစ်သည်။ ဤရွေးကောက်ပွဲသည် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း စစ်မီးတောက်များကြားတွင် ပင်ပန်းနွမ်းနယ်ခဲ့ရသော ပြည်သူတို့အတွက် စစ်ဘေးကင်းဝေးရာသို့ လှမ်းတက်မည့် ပထမဆုံးသော ခြေလှမ်းဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ရပေသည်။
“မိုင်တစ်ထောင်ခရီးသည် ခြေတစ်လှမ်းက စတင်သည်” (A journey of a thousand miles begins with a single step.) ဆိုသကဲ့သို့ပင် ယနေ့စတင်လိုက်သော ခြေလှမ်းသည် ရှည်လျားလှသည့် ပဋိပက္ခများကို အဆုံးသတ်ကာ စားပွဲဝိုင်းဆွေးနွေးပွဲများမှတစ်ဆင့် ဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းနိုင်မည့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ရပါမည်။ လက်နက်ကိုင် ဖြေရှင်းမှုများထက် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးအဖြေရှာခြင်းသည်သာ ပြည်သူတို့ လိုလားတောင့်တနေသည့် တည်ငြိမ်အေးချမ်းသော လူမှုဘဝကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံကို အလုံးစုံပျက်သုဉ်းစေရုံသာရှိသဖြင့် ယခုကျင်းပသည့် ရွေးကောက်ပွဲမှတစ်ဆင့် စစ်မှန်သော နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေးပွဲများ ပေါ်ပေါက်လာရန် လိုအပ်နေသည်။ မိမိတို့ လိုလားသော ခေါင်းဆောင်ကို မဲစာရွက်ဖြင့် ရွေးချယ်နိုင်ခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သကဲ့သို့ ဤရွေးကောက်ပွဲမှတစ်ဆင့် တစ်ကျော့ပြန် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန်မှာ ပြည်သူအားလုံး၏ မျှော်လင့်ချက်ပင် ဖြစ်သည်။
ရွေးကောက်ပွဲတစ်ခု၏ တန်ဖိုးသည် တရားမျှတမှုပေါ်တွင် တည်မှီနေသည့်အတွက် မဲရုံများတွင် မဲမသမာမှုကင်းစင်ရန်နှင့် ပြည်သူ့ဆန္ဒအစစ်အမှန် ပေါ်ထွက်လာစေရန် တာဝန်ရှိသူအဆင့်ဆင့်က အလေးထားကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သည်။ မဲရေတွက်မှုနှင့် ရလဒ်ထုတ်ပြန်မှု ဖြစ်စဉ်တိုင်းသည်လည်း ပွင့်လင်းမြင်သာပြီး အများယုံကြည်လက်ခံနိုင်သော အခြေအနေတွင် ရှိနေရန် အထူးအရေးကြီးလှသည်။ ထို့အပြင် အရေးအကြီးဆုံးအချက်မှာ ရွေးကောက်ပွဲကျင်းပရာ ကာလအတွင်း မည်သည့်အကြမ်းဖက်မှုမှ မရှိစေရေးပင် ဖြစ်သည်။ မဲရုံများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမများနှင့် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသားတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေသူများဖြစ်သဖြင့် ၎င်းတို့၏ အသက်အန္တရာယ် လုံခြုံရေးသည် ပထမဦးစားပေး ဖြစ်ရပေမည်။
မိမိတို့၏ အခြေခံအခွင့်အရေးကို ကျင့်သုံးမည့် ပြည်သူများအကြား ဗုံးခွဲတိုက်ခိုက်မှုများ၊ ခြိမ်းခြောက်မှုများနှင့် ထိခိုက်နစ်နာမှုများ လုံးဝမရှိစေရေး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရန်လည်း တိုက်တွန်းလိုပါသည်။
ငြိမ်းချမ်းရေးဆိုသည်မှာ လက်နက်သံများ ရပ်တန့်ပြီး အပြုသဘောဆောင်သည့် စကားပြောဆိုမှုများမှ စတင်ပါသည်။ သို့ဖြစ်ပါ၍ ယနေ့ စတင် ကျင်းပသည့် မြို့နယ် ၁၀၂ မြို့နယ်မှ ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးဆီသို့ သွားရာလမ်း၏ အဖွင့်ခြေလှမ်းကောင်းတစ်ခု ဖြစ်ပါစေကြောင်းနှင့် ပြည်သူလူထုတစ်ရပ်လုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိမိတို့၏ ဆန္ဒအမှန်ကို မဲရုံများသို့ သွားရောက် မဲပေးခြင်းဖြင့် ဖော်ထုတ်နိုင်ပါစေကြောင်း MT News က ဆုမွန်ကောင်းတောင်းလျက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
