၂၇.၁၂.၂၀၂၅
Written by Hey Mar
မြန်မာလုပ်သားအမျိုးသမီးတစ်ဦး အလုပ်ကအပြန် ဆိုင်ကယ်အတိုက်ခံရပြီး သတိလစ်မေ့မြောနေရာက ဆေးကုသမှုခံယူနေစဉ် ၁၁ ရက်အကြာမှာသေဆုံးခဲ့တဲ့ဖြစ်စဉ် ထိုင်းနိုင်ငံ၊ လယောင်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ အီလက်ထရောနစ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာ ဘတ်အသစ် အလုပ်သမား မသင်းသင်းခိုင် အသက် ၄၀ နှစ်ဆိုသူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်၊ ည ၉ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ အလုပ်ကအပြန် ဖယ်ရီကားပေါ်ကနေဆင်းပြီးလမ်းဖြတ်ကူးချိန် ဆိုင်ကယ်အတိုက်ခံရတာကြောင့် ဒဏ်ရာရပြီးသတိလစ်သွားခဲ့တယ်လို့ ဆိုပါတယ်။



အခင်းဖြစ်နေရာကနေ လူနာကို လယောင်ဆေးရုံကြီးဆီ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရင်း မနေ့က ဒီဇင်ဘာ ၂၆ ရက် ည ၁၀ နာရီ ဝန်းကျင်ခန့်မှာ ဆေးကုသနေရင်း ရရှိတဲ့ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကွယ်လွန်သူ မသင်းသင်းခိုင်ဟာ မြန်မာနိုင်ငံ၊ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ကျောက်တန်းကြီးအုပ်စု၊ ပျံချီကျေးရွာမှာ နေထိုင်သူဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်သမီးတစ်ယောက်ကျန်ရစ်တယ်လို့ သိရပါတယ်။
လယောင်ဆေးရုံက အလောင်းကို ဒီဇင်ဘာ ၂၇ ရက် မနက် ၈း၀၀ နာရီအချိန်မှာ လာရောက်ထုတ်ယူဖို ပြောကြားလာတဲ့အတွက် သေဆုံးသူရဲ့ မိသားစုဝင်တွေက သေမှုသေခင်းနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို နားမလည်သောကြောင့် မသင်းသင်းခိုင်အတွက် တရားမျှတမှုနဲ့ ရသင့်ရထိုက်တဲ့ ထော်လော်ဘော် နစ်နာကြေးကိုပြန်လည်ရရှိဖို့အတွက် ကူညီဆောင်ရွက်ပေးဖို WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာလို့ ဒီနေ့မနက်မှာ သွားရောက် ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
