၂၇. ၁၂.၂၀၂၅
MT News Editorial
လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း ကျွန်ုပ်တို့၏ မိခင်နိုင်ငံတော်သည် ပဋိပက္ခမီးလျှံများအောက်တွင် ကျွမ်းလောင်ခဲ့ရသလို ပြည်သူနှင့် နှစ်ဖက်လက်နက်ကိုင် တစ်သိန်းကျော်သော သွေးချင်းများ၏ အသက်ဇီဝိန်ကို ရင်းနှီးပေးဆပ်ခဲ့ရသည့် အခြေအနေဖြစ်ပွားခဲ့သည်ဟု ဆိုရပေမည်။
စစ်သား၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်ဟူသော အမည်နာမများနောက်တွင် အမှန်တကယ် ရှိနေသည်မှာ ဤမြေကိုချစ်သော ပြည်သူများပင် ဖြစ်ကြသည်။ အင်္ဂလိပ်စကားပုံတစ်ခုတွင် “စစ်ပွဲဆိုသည်မှာ မည်သူမှန်သလဲဆိုသည်ကို ဆုံးဖြတ်ပေးသည်မဟုတ်ဘဲ၊ မည်သူကျန်ရစ်သလဲဆိုသည်ကိုသာ ဖော်ပြခြင်းဖြစ်သည်” (War does not determine who is right – only who is left ) ဟု ဆိုထားသည့်အတိုင်း၊ ယခုအခါ မည်သူနိုင်သည်ဟု ဟစ်ကြွေးကြသည်ဖြစ်စေ ကျန်ရစ်သောနိုင်ငံမှာ ပြာပုံနှင့် ပြည်သူတို့၏ သောကမျက်ရည်များသာ ဖြစ်နေသည်ကိုလည်း ကျွန်ုပ်တို့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီ ဖြစ်သည်။
မနက်ဖြန်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ဤအမှောင်ထုထဲမှ ထွက်ပေါက်တစ်ခုအဖြစ် ကျွန်ုပ်တို့အားလုံး မျှော်လင့်နေကြပါသည်။ ဤရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်စေပြီး၊ နိုင်ငံရေးပြဿနာများကို စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် လမ်းစပင် ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် မိမိတို့၏ အနာဂတ်အာဏာကို ပြန်လည်ရယူရန်နှင့် သေနတ်သံများ တိတ်ဆိတ်သွားစေရန်အတွက် မဲရုံများသို့ သွားရောက်ကာ မိမိတို့၏ ဆန္ဒကို ရဲဝံ့စွာ ဖော်ထုတ်ကြရန် တိုက်တွန်းလိုပါသည်။
တစ်ချိန်တည်းမှာပင် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးသို့ အထူးမေတ္တာရပ်ခံလိုသည်မှာ မိမိတို့၏ ရည်ရွယ်ချက် မည်သို့ပင် ရှိစေကာမူ မိမိတို့ ကာကွယ်ပါမည်ဟု ဆိုထားသော ပြည်သူကို ပြန်လည်ပစ်မှတ်မထားကြရန် ဖြစ်ပါသည်။ “ကောင်းသောစစ်ဟူ၍ မရှိသကဲ့သို့၊ ဆိုးသောငြိမ်းချမ်းရေးဟူ၍လည်း မရှိနိုင်ပါ”(There was never a good war or a bad peace.) ဟူသော စကားအတိုင်း၊ မဲပေးရန်သွားသော ပြည်သူများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ အကြောက်တရားဖြင့် မဲမပေးရန် သွတ်သွင်းခြင်းတို့သည် နိုင်ငံကို ပိုမိုနက်ရှိုင်းသော ချောက်ထဲသို့သာ တွန်းပို့ရာ ရောက်ပါလိမ့်မည်။
ထို့ပြင် “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်တောင်းနေခြင်းသည် တစ်လောကလုံးကို ကန်းစေလိမ့်မည်”(An eye for an eye will only make the whole world blind) ဟူသော မဟတ္တမဂန္ဒီ၏ စကားအတိုင်း အမုန်းတရားနှင့် လက်စားချေလိုစိတ်ဖြင့် မိမိတို့၏ ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ဗုံးခွဲခြင်းများသည် ငြိမ်းချမ်းရေးလမ်းစကို ထာဝရပိတ်ပင်လိုက်ခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် မဲပေးရန်လာသော မိဘပြည်သူများကို အန္တရာယ်ပြုမည့် လုပ်ရပ်များကို လုံးဝရှောင်ကြဉ်ကြရန် ထပ်ဆင့် မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်ုပ်တို့အားလုံး အလိုရှိနေသည်မှာ သွေးမြေကျခြင်းများ ရပ်တန့်ရန်နှင့် ညီနောင်သားချင်းများအကြား သတ်ဖြတ်ခြင်းမှ ကင်းဝေးရန်သာ ဖြစ်ပါသည်။ ထို့ကြောင့် ဤရွေးကောက်ပွဲကို အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချကာ စားပွဲဝိုင်းဆွေးနွေးပွဲများဆီသို့ အရောက်လှမ်းနိုင်ရန်အတွက် ပြည်သူတို့၏ ဘေးကင်းလုံခြုံမှုကို ဝိုင်းဝန်း ဝန်းရံပေးကြပါရန်နှင့် သေနတ်သံများကို အေးချမ်းသော ဆန္ဒမဲများဖြင့် အစားထိုးကြပါစို့ဟု MT News က အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
