MT News

Written By Thandar, Haymar

ရွှေပြည်နန်း ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်မဲ့ Heavy Drama “ပင်လယ်ပြာပြာ မိုးပြာပြာ” ဇာတ်ကားကန်တော့‌ပွဲပေးမှုကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရား အောင်မြေနဲ့ M3 Restaurant တို့မှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်လမ်းလေးက ၁၉၄၈ ခုနှစ်ကို အခြေတည်ထားတဲ့ ဇာတ်လေးပါ။ ဒါကို New Version အနေနဲ့ ဇာတ်လမ်း ၊ ဇာတ်အိမ် ပြန်ဖွဲ့ပြီး ကျောရိုးကြီးတစ်ခုလုံး မပျောက်အောင် ဇာတ်လမ်းသဘောတရား မပျောက်အောင် ခေတ်နဲ့အညီ ပြန်ရိုက်သွားမှာဖြစ်တယ်။ အရင်တုန်းက ဝတ္ထုကို ကြိုက်လို့ ပြန်ရိုက်တာပါ။ ဒီဝတ္ထုက နာမည်ကြီးခဲ့ပေမယ့် ရုပ်ရှင်ရိုက်ခဲ့တာ မရှိခဲ့တဲ့အတွက် ပြန်ရိုက်ဖြစ်တာပါ။ နာမည်ကြီးပြီး ရုပ်ရှင်ရိုက်ထားပြီးသား ဇာတ်တွေကို ကျွန်တော့်အနေနဲ့ ပြန်မရိုက်ပါဘူး။ ဒါက ရုပ်ရှင်မရိုက်ခဲ့တဲ့ ဇာတ်လမ်းဖြစ်တဲ့အတွက် ရုပ်ရှင်အနေနဲ့ အသက်ပြန်သွင်းတဲ့သဘောပါ”လို့ ဒါရိုက်တာဟိန်းစိုးက ပြောပါတယ်။

အပိုင်း ၁၆ ပိုင်းပါဝင်မယ့် အချစ်၊ အိမ်ထောင်ရေး၊ ဘဝသရုပ်ဖော်ဇာတ်‌လမ်းတွဲကို လာမယ့် မတ်လ ပထမ အပတ်လောက်မှာ ဧရာဝတီတိုင်း ဂေါ်ရန်ဂျီကျွန်း၊ ငရုတ် ကောင်းရွာဘက်မှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းပိုင်းအပြင် ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ဒီဇိုင်နာ ရည်မွန်အောင်က ဖန်တီးပေးသွားမယ်လို့ သိရပါတယ်။

“ဒီဇာတ်လမ်းတွဲလေးက အစ်မရဲ့အဖွားဖြစ်သူ စာရေးဆရာမ ယုဝတီ ခင်စိန်လှိုင်ရဲ့ ဝတ္ထုကို ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းတွဲလေးပါ။ အဖွားက စိတ်ကူးနဲ့ပုံဖော်ခဲ့တဲ့ ဇာတ်လမ်းလေး ဖြစ်တဲ့အတွက် ဇာတ်လမ်းလေးကို စိတ်ကူးကနေ လက်တွေ့ရုပ်လုံးပေါ်အောင် ဖန်တီးရတဲ့အခါကျတော့ အခက်အခဲတွေတော့များတယ်။ ဝတ္ထုကို ဖတ်ခဲ့ဖူးတဲ့ ပရိသတ်တွေအတွက် ရသပျက်မသွားအောင်၊ ပရိသတ်အသစ်တွေအနေနဲ့လည်း ရသလေးကို သူတို့ ရင်ထဲ ကျန်ခဲ့အောင် အများကြီးတော့ စိန်ခေါ်မှုတွေရှိခဲ့တယ်။ အဖွားရဲ့ ဝတ္ထုဇာတ်ညွှန်းအနေနဲ့ ကိုယ်တိုင် ပြန်လည်ပုံဖော်ရတာဆိုတော့ ပျော်သလို ဂုဏ်လည်းယူမိတယ်။ အစ်မရဲ့အနုပညာလမ်းကြောင်းတစ်လျှောက်မှာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုလို့လည်း ပြောလို့ ရတယ်”လို့ ဇာတ်ညွှန်း ရည်မွန်အောင်က ပြောပါတယ်။

ဒီဇာတ်ကားက စာရေးဆရာမကြီး ယုဝတီ ခင်စိန်လှိုင် ဝတ္တုကို ဇာတ်လမ်း ၊ ဇာတ်ညွှန်းအနေနဲ့ ရည်မွန်အောင် ရေးသားပြီး ဒါရိုက်တာ ဟိန်းစိုးက စီစဥ်ရိုက်ကူးသလို သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရေချမ်း ၊ မေမီကိုကို ၊ ခြူးလေး ၊ မင်းသူ ၊ ဝေလု ၊ အင်ကြင်းထူး၊ မျိုးစန္ဒီကျော် ၊ ဝင်းမင်းသန်း ၊ နေဗလု (ဧည့်သည်တော်)အပြင် ဒါရိုက်တာ ဟိန်းစိုး ရဲ့ သရုပ်ဆောင် / ဒါရိုက်တာ သင်တန်းဆင်း ကျောင်းသား ၊ ကျောင်းသူတွေကလည်း ပါဝင်အားဖြည့်ကြမှာဖြစ်တယ်လို့ MT News Entertainment က သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *