၁၈.၁၂.၂၀၂၅
Written by Nay Yaung Lin
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီကိုယ်စားပြု၍ ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲဆန္ဒရှင်ပြည်သူများထံ ဒီဇင်ဘာ ၁၆ ရက်က မိတ်ဆက်အပ်နှံခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်း ရှင်းလင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်အပ်နှံခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။




ယင်းအခမ်းအနားကို ဦးစွာ တက်ရောက်လာသူများက နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆို ဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်တွင် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ကြမည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်လောင်းများအား ပြည်သူများထံသို တစ်ဦးချင်းမိတ်ဆက်အပ်နှံခဲ့သည်။
ထိုနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက မကြာမီ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ထူးခြားမှုနှင့် အရေးကြီးမှု၊ ပြည်သူတစ်ဦး၏ တာဝန်ဝတ္တရားတစ်ခုဖြစ်သည့် မပျက်မကွက် မဲပေးရန်လိုအပ်မှု၊ မိမိမဲပေးရမည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအား အသည်းကြားက မဲတစ်ပြားဆိုသည်ထက် ဦးနှောက်ဖြင့် သေချာစဉ်းစားချင့်ချိန်၍ မဲပေးရန်လိုကြောင်း၊ အတွေ့အကြုံရှိသူ၊ လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးသောသူ၊ လုပ်ကိုင်လိုစိတ်ရှိသောသူ၊ ပညာတတ်သောသူနှင့် အင်အားတောင့်တင်းခိုင်မာသော အဖွဲ့အစည်းရှိသောသူများကို ရွေးချယ်မဲပေးရန်လိုကြောင်း၊ အဆိုပါအချက်များဖြင့် ကိုက်ညီမှုရှိသူများသည် ကရက်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီတွင် များစွာရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီကိုသာ စိတ်ချယုံကြည်စွာ မဲပေးကြရန် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမား၊ ကုန်ဈေးနှုန်း၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများအပါအဝင် ပါတီမှချမှတ်ထားသော အာမခံချက်များကို ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
၎င်းနောက် ပါတီဥက္ကဋ္ဌက ကရင်ပြည်နယ်အတွက် အောင်နိုင်ရေးအလံအားပေးအပ်ရာ ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးနှင့် ပါတီတာဝန်ရှိသူများက လက်ခံယူခဲ့ကြောင်း သိရသည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ပထမပိုင်း စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲစတင်ရန် ၁၀ ရက်သာ လိုတော့သည်။






