၁၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲတွင် ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန် လုံခြုံရေးလုပ်ငန်းများကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ အတူတကွ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ယမန်နေ့က တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
မကြာမီ ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တပ်မတော်က ဦးစီးကျင်းပသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေး အထူးဂရုပြု ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် မဲမသမာမှုများပြုလုပ်၍ မရနိုင်သည့် ဒီဂျစ်တယ်ဖြင့် မဲပေးသည့်စနစ် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) များကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယင်းစနစ်ကို နိုင်ငံတကာတွင်လည်း ရွေးကောက်ပွဲများတွင် အသုံပြုနေသည်ကို လေ့လာတွေ့ရှိရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောကြားသည်။
ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန် နယ်မြေတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသည့်အတွက် လုံခြုံရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်း၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောကြားသည်။
မဲပေးရာတွင်လည်း မဲပေးမည့် ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းလိုက်နာမည့်သူ၊ မိမိဒေသကောင်းကျိုး ဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ ကျန်းမာကြံ့ခိုင်ပြီး အဖွဲ့အစည်းကို ဦးဆောင်ဦးရွက် ပြုလုပ်နိုင်သူများကို ရွေးချယ်၍ ဆန္ဒမဲများပေးနိုင်ရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောကြားသည်။


