၁၅. ၁၂. ၂၀၂၅
Translated by Thettant
ဘင်္ဂလားဒေ့ရှ်သို့ ဦးတည်သွားလာနေသည့် ဘင်္ဂါလီ ခုနစ်ဦးကို စနေနေ့တွင် အာသံပြည်နယ်၊ ကချာခရိုင်ရှိ အိန္ဒိယ–ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး၌ ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
၎င်းတို့သည် မြန်မာနိုင်ငံဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်ဘက်တွင် ဒုက္ခသည်အဖြစ် ခိုလှုံနေရာမှ အိန္ဒိယနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသည်ဟု စွပ်စွဲခံထားရသူများ ဖြစ်သည်။
အဆိုပါအဖွဲ့တွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦးနှင့် ကလေးသုံးဦးတို့ ပါဝင်ပြီး စနေနေ့ မွန်းလွဲပိုင်းတွင် ဟီလာရာ မီးရထားဘူတာရုံ၌ ကြားဖြတ်ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဖမ်းဆီးခံရသူများအား လိုအပ်သော စစ်ဆေးမှုများနှင့် လုပ်ထုံးလုပ်နည်းများ ပြီးစီးပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။
ကချာခရိုင်ရှိ ရဲအရာရှိတစ်ဦးက ၎င်းတို့၏ သွားလာလှုပ်ရှားမှုများက သံသယဖြစ်ဖွယ်ရှိသောကြောင့် ဒေသခံများက အစပိုင်းတွင် ဖမ်းဆီးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
“သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကျွန်တော်တို့ စစ်ဆေးနေပါတယ်။ နောက်ဆုံးမှာတော့ လုပ်ထုံးလုပ်နည်းအတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့မှာပါ” ဟု အဆိုပါ အရာရှိက ပြောကြားသည်။
မေးမြန်းစစ်ဆေးစဉ်အတွင်း ဖမ်းဆီးခံရသူများက ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် အိန္ဒိယသို့ လွန်ခဲ့သော နှစ်အနည်းငယ်က တရားမဝင် ဝင်ရောက်လာခဲ့ပြီး အလုပ်ရှာရန်အတွက် ဟိုက်ဒရာဘတ်မြို့သို့ ခရီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့အား ပြောကြားခဲ့သည်။ သို့သော် မကြာသေးမီက ထိုနေရာတွင် တင်းကျပ်သော စစ်ဆေးမှုများ ရှိလာသဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ပြန်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဖမ်းမိသူတို့၏ အစီအစဉ်အရ ရထားဖြင့် ဟိုက်ဒရာဘတ်မှ ဂူဝါဟာတီသို့ ခရီးသွားခဲ့ကြပြီးနောက် နိုင်ငံတကာနယ်စပ်နှင့် နီးသော ဟီလာရာသို့ ဘတ်စ်ကားဖြင့် ဆက်လက်သွားခဲ့ကြသည်။ ၎င်းတို့သည် အဆင်ပြေသည့် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ဖြတ်ကျော်ရန် ရည်ရွယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါအဖွဲ့သည် ထိုဒေသသို့ရောက်ရှိရန် ပွဲစားတစ်ဦး၏ အကူအညီကို ယူခဲ့ကြောင်း ပြောဆိုခဲ့ကြသည်ဟု သိရသည်။ “သူတို့ ပွဲစားကို ပိုက်ဆံအများကြီး ပေးခဲ့တယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီကိုရောက်တော့ ပွဲစားက အဆက်အသွယ်ဖြတ်သွားလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်” ဟု အဆိုပါအဖွဲ့နှင့် စကားပြောခဲ့သည့် ဒေသခံတစ်ဦးက မီဒီယာကို ပြောကြားသည်။
ကချာခရိုင်ရှိ ကတ်တီဂိုရာနှင့် အနီးတစ်ဝိုက်ဒေသများသည် နိုင်ငံ၏ နယ်မြေအသီးသီးမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၊ အထူးသဖြင့် ဘင်္ဂါလီများအတွက် အရေးပေါ် ပြောင်းရွှေ့ရာနေရာတစ်ခု ဖြစ်လာနေသည်ဟု ဒေသခံများက ပြောသည်။
“ဒီလိုကိစ္စတွေကို ကျွန်တော်တို့ မကြာခဏ ကြုံတွေ့နေရတယ်။ အသိပညာရှိတဲ့အတွက် သူတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ဘာသာစကားတွေကို အတိုင်းအတာတစ်ခုအထိ ခွဲခြားသိနိုင်ပါတယ်” ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
ကချာခရိုင်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသားများက တရားမဝင် နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းမှုများသည် လွန်ခဲ့သော တစ်နှစ်ခွဲကျော်အတွင်း တိုးလာခဲ့ကြောင်းနှင့် ယင်းကိစ္စကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
Ref : Hindustan Times
