၁၀.၁၂.၂၀၂၅
Written by Hey Mar
ဆီဘောက်ဆာယာဉ်တစ်စီးက ကွေ့ကြောမှာ ရပ်ထားတဲ့ယာဉ်တစ်စီးကို ဝင်တိုက်မိပြီး တိမ်းမှောက်ကာ မီးလောင်ကျွမ်းခဲ့တာကြောင့် အမျိုးသားနှစ်ဦးမီးလောင်သေဆုံးခဲ့ရတဲ့ဖြစ်စဉ် ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့၊ မြောက်ပိုင်းရပ်ကွက်၊ ဘုရားလေးလမ်းကွေ့ မှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါမီးလောင်မှုကြောင့် ဆီဘောက်ဆာယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး မီးလောင်ကျွမ်းသေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကို ထောက်ကြံ့အခြေစိုက် နယ်မြေခံပရဟိတအသင်းက ယာဉ်နဲ့ ထုပ်ပိုးသယ်ဆောင်သွားကြောင်းလည်း သိရှိရပါတယ်။




မီးလောင်မှု ဖြစ်ပွားနေကြောင်း သတင်းအရ မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ အင်းစိန်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ်( ၁)စီး၊ LUF-60 ယာဉ် (၁)စီး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ပေးခဲ့ပြီး မိနစ် ၄၀ အကြာငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
