◾️ နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းများကို သင်ခန်းစာယူ၍ အနာဂတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကိုပုံဖော် တည်ဆောက်ရမည်
၁. ၁၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံရေးအရတည်ငြိမ်မှုရရှိရန် လိုအပ်နေမှုများကို တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်နိုင်မှု မရှိပါက နိုင်ငံပြိုကွဲမည့်အခြေအနေများနှင့် ကြုံတွေ့နိုင်ကြောင်း မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး)နှင့် ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်)တို့မှ နည်းပြအရာရှိများနှင့် သင်တန်းသား၊ သင်တန်းသူများအား ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ရှိ ရတနာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ယာယီသမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်။





မည်သည့်နိုင်ငံတွင်ဖြစ်စေ အစိုးရအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းဟူ၍ရှိပြီး အစိုးရက နိုင်ငံရေးဦးဆောင်မှုပေး၍ မူဝါဒချမှတ်ပေးကာ နိုင်ငံ့ဝန်ထမ်းများက အကောင်အထည်ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှ နိုင်ငံရေးအရ ဦးဆောင်သူများအနေဖြင့် အပြောင်းအလဲရှိနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
သို့သော်လည်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ မိမိတို့တာဝန်များအလိုက် ဆက်လက်ထမ်းဆောင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးတွင် အာဏာရပါတီ အလိုက်၊ အစိုးရအဖွဲ့အလိုက် မူဝါဒများကွဲပြားသွားမည်ဖြစ်သော်လည်း ရုံး/ဌာနများအနေဖြင့် ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံရေးအရ ကြည့်မည်ဆိုပါကလည်း မိမိတို့နိုင်ငံအနေဖြင့် ပထဝီအနေအထားအရ အင်အားကြီးနိုင်ငံကြီးနှစ်ခုအကြားတွင် တည်ရှိနေပြီး ရှုပ်ထွေးသည့် နိုင်ငံရေးသမိုင်းကြောင်း နောက်ခံများလည်းရှိကြောင်း၊ အရှေ့နှင့်အနောက်၏ မတူညီသည့် သဘောသဘာဝများ၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးအရ တည်ငြိမ်မှုရရှိရန် လိုအပ်နေမှုများကို တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံပြိုကွဲမည့်အခြေအနေများနှင့် ကြုံတွေ့နိုင်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းများကို သင်ခန်းစာယူ၍ အနာဂတ်တွင် ခေတ်မီဖွံဖြိုး တိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကို ပုံဖော် တည်ဆောက်ကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
