မြန်မာလုပ်သားပွဲစားကို သတ်ဖြတ်သူလေးဦးက သရုပ်ပြနေစဥ်
၁၆. ၂. ၂၀၂၃
Written by Nay Aung
ထိုင်းရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဆာမွတ်ပရာကန်ပြည်နယ် Bang Pu Mai ဒေသရှိ ကွန်ဒိုတိုက်ခန်းတွင် မြန်မာနိုင်ငံသားပွဲစားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံသား အလုပ်သမားပွဲစားတစ်ဦးဖြစ်သူ ဘိုဘိုဟန်သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့က တိုက်ခန်းတွင် အသတ်ခံရကာ သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် Bang Pu ရဲစခန်းက တာဝန်ရှိသူများသည် လူသတ်မှုကျူးလွန်ခဲ့သူ မြန်မာနိုင်ငံသားများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Bang Pu ရဲစခန်းမှတာဝန်ရှိသူ ရဲမှူး Pisut Chantrasuwan သည် လူသတ်မှုကျူးလွန်ခဲ့သော အသက် ၂၄ နှစ်အရွယ်ရှိ စောနော်နှင့် အသက် ၂၆နှစ်အရွယ် ဇင်မင်းဦးတို့ကို ရနောင်းမြို့တွင်ဖမ်းဆီးနိုင်ခဲ့ပြီး အသက် ၂၀ အရွယ်ရှိ လမင်းသူနှင့် အသက် ၂၀ အရွယ်ရှိ ပိုင်ဆုတို့ကို ဘန်ပါလီဒေသနှင့် South Samrong တို့တွင် ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် မြန်မာနိုင်ငံသား အလုပ်သမားပွဲစားနှင့် သိကျွမ်းပြီး အလုပ်ရှာပေးရန် အကူညီတောင်းဆိုခဲ့ကြောင်း၊ ပွဲစားခအဖြစ်လည်း ဘတ်ငွေ ၁၀၅၀၀ ကြိုတင်ပေးခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။ ပွဲစားခများကို ပေးချေထားသော်လည်း အလုပ်ရရှိခြင်းမရှိသည့်အတွက် ပွဲစားခပြန်ပေးရန်တောင်းဆိုခဲ့ရာမှ အငြင်းပွားမှုဖြစ်ပွားခြင်းဖြစ်ကာ လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသား ၄ ဦးက ထွက်ဆိုထားသည်ဟု ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
ထို့အပြင် ရာဇာဝတ်မှုကျူးလွန်ရန် ဓားကိုလည်း ကြိုတင်ယူဆောင်လာခဲ့ပြီး အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် လူသတ်မှုကို ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ လူသတ်မှုကျူးလွန်ခဲ့ပြီးနောက် လူစုခွဲကာနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသား ၄ ဦးက ထွက်ဆိုထားကြောင်း သိရသည်။
သေဆုံးသူ ဘိုဘိုဟန်သည် ထိုင်းနိုင်ငံရှိ စက်ရုံများတွင် မြန်မာနိုင်ငံသားများကို အလုပ်ကိုင်ရရှိစေရန် ဆောင်ရွက်ပေးနေသူဖြစ်ပြီး ယင်း၏ပါးစပ်ကို အမျိုးသမီးသုံး underwea rဖြင့် ပိတ်ဆိုကာ ဝမ်းဗိုက်ကို ဓားဖြင့်ထိုး၍ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
ref -dailynews thailand


