◾ “ကျွန်တော်တို့ရေးထားတဲ့ အထဲမှာ အစိုးရသက်တမ်းတစ်ခုအတွင်းမှာ၊ ငါးနှစ်အတွင်းမှာ တစ်စတစ်စ သိသာထင်ရှားတဲ့ အရွေ့ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ရေးထားတယ်။ ဒါကတော့ ကုန်စည်စျေးနှုန်းကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ စျေးနှုန်းဖြစ်အောင် ထိန်းကျောင်းတဲ့ ယန္တရားတစ်ခုထူထောင်မယ်”
“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်တွေ့ဆုံခြင်း”
ဧရာ၀တီတိုင်းဒေသကြီးအတွင်း ပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပုသိမ်မြို့တွင် နိုဝင်ဘာ ၂၇ ရက်က တွေ့ဆုံရန်ရောက်ရှိလာသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် သတင်းမီဒီယာများတွေ့ဆုံစဉ် မေးမြန်းခဲ့သည်များကို ပြန်လည် ကောက်နုတ် ဖော်ပြအပ်ပါသည်။
မေး ◾ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ Manifesto (ရွေးကောက်ပွဲကြေညာစာတမ်း) နဲ့ ပတ်သက်ပြီး အကျဉ်းချုပ်လေး အများပြည်သူသိအောင် ပြောပြပေးပါအုံးခင်ဗျ။
ဦးခင်ရီ ◾ ကျွန်တော်တို့ရဲ့ Manifesto မှာက အဓိကကျတဲ့ အချက် ၂၇ ပါတယ်ဗျ။ ခုနကလည်း ကျွန်တော် ဖတ်ပြသွားတယ်။ လယ်သမားကဏ္ဍ၊ အလုပ်သမားကဏ္ဍ၊ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ နိုင်ငံဆက်ဆံရေးကဏ္ဍ၊ နောက်ပြီးတော့ ကုန်စည်စျေးနှုန်းကျဆင်းရေးကဏ္ဍ စသည်ဖြင့်ပေါ့ဗျာ။ ကြာမှာစိုးလို့ မပြောတော့ပါဘူး။ ၂၇ ချက်ရှိတယ်။ အဲဒီ ၂၇ ချက်အသေးစိတ်ကို USDP Website စာအုပ်စင်ကဏ္ဍမှာ တင်ထားတယ်။ ဒီမှာတော့ ထုတ်နုတ်ပြီးတော့ ကနေ့တိုင်းပြည်မှာ တကယ်လိုအပ်နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေး၊ ကုန်စည်စျေးနှုန်းကျဆင်းရေး။ ဒီနှစ်ခုကို အဓိကထားပြောခဲ့တယ်။ နောက်ထပ် ဒါနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ပညာရေးကဏ္ဍမှာ ကျွန်တော်တို့ပါတီရဲ့ သဘောထားပေါ့။ ဝန်ထမ်းတွေကဏ္ဍ၊ အလုပ်သမားကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ ပညာရေးကဏ္ဍတွေကို ပြောခဲ့တာ။ ဒါတောင် တစ်နာခွဲလောက်ကြာသွားလို့ ကျန်တာတွေ ရပ်ပစ်လိုက်ရတယ်။

မေး ◾ ပါတီရဲ့ Manifesto ထဲမှာပါတဲ့ ကုန်စျေးနှုန်းကျဆင်းရေးကိစ္စအတွက် ဘယ်လိုဆောင်ရွက်သွားဖို့ရှိပါသလဲ ဥက္ကဋ္ဌကြီး။
ဦးခင်ရီ ◾ ကျွန်တော်တို့ရေးထားတဲ့အထဲမှာ အစိုးရသက်တမ်းတစ်ခုအတွင်းမှာ ငါးနှစ်အတွင်းမှာ တစ်စတစ်စ သိသာထင်ရှားတဲ့ အရွေ့ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ရေးထားတယ်။ ဒါကတော့ ကုန်စည် စျေးနှုန်းကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ စျေးနှုန်းဖြစ်အောင် ထိန်းကျောင်းတဲ့ ယန္တရားတစ်ခုထူထောင်မယ်ပေါ့။ အဲဒါကနေ ကုန်စည်စျေးနှုန်းကို အမြဲတမ်းထိန်းနေမဲ့ သဘောဖြစ်တယ်။ ဒါက တစ်ချက်ပေါ့။ နောက်တစ်ခုက ဒီမှာ အဓိကထားပြောသွားတာက ကုန်စည်၊ စျေးနှုန်းတွေ စီးဆင်းဖို့၊ ပိုမိုမြန်ဆန်စေဖို့ပါ။ ကျွန်တော်ဥပမာ ပြောသွားတာရှိပါတယ်။ မြောက်ပိုင်းမှာ ရှိတဲ့ ကုန်စည်တစ်ခုက ရန်ကုန်ဒိုင်ကို ပို့မယ်။ ကားလမ်းနဲ့ပို့မယ်ဆိုရင် လမ်းမှာ တရားဝင်တာရော၊ မဝင်တာရော၊ ဂိတ်တွေရှိတယ်ဆိုပါစို့ဗျာ။ အဲဒါဆိုရင် စျေးနှုန်းတွေ ပိုပြီးတော့ တက်မှာပေါ့ဗျာ။ ကျွန်တော်တို့ကာလ လုပ်ပိုင်ခွင့်ရှိတယ်ဆိုရင် ဒါတွေကို ကျွန်တော်တို့ ဖယ်ရှားရှင်းလင်းမယ်။ လစ်ဟာသွားတဲ့ အဲဒီနေရာတွေမှာ Xray Check Machine လိုဟာမျိုးတွေ၊ ဖြတ်သွားရုံနဲ့ Scan လုပ်နိုင်ပြီး ပေါ်တယ်။ နောက် မိုဘိုင်းဟာတွေလုပ်မယ်။ ဒီလိုစက်တွေ ထားမယ်။ အနံ့ခံခွေးတွေပါတဲ့ လျှပ်တပြက်စစ်ဆေးရေးလုပ်မယ်။ လျှပ်တပြက်စစ်ဆေးရေးအဖွဲ့တွေဖွဲ့မယ်။ ဒီလိုနည်းနဲ့ ရောက်လာတဲ့ ကုန်တွေကို အတားအဆီးမဲ့ မြန်မြန်ဆန်ဆန်နေရာကိုရောက်အောင်ပေါ့။ အလားတူပဲ ကားလမ်းနဲ့ မဟုတ်ဘူး။ သင်္ဘောနဲ့သယ်မယ်။ ပိုများတာပေါ့။ ရထားနဲ့သယ်မယ်။ ပိုများတာပေါ့။ ဒီလိုအခြေအနေမျိုးမှာ ရထားပေါ်မှာ လုံခြုံရေးတင်ပြီး တောက်လျှောက်လာလိုက်ရင် အဲဒီတော့ လမ်းမှာအတားအဆီး အပိတ်အပင်နည်းတယ်ဆိုရင် စျေးနှုန်းတွေကျမယ်။ ဒီလိုနည်းနဲ့ ဆောင်ရွက်သွားမယ်လို့ အချက်ပေါင်းများစွာထဲကနေ အဲဒီလိုထုတ်နုတ်ပြီး ပြောသွားခဲ့ပါတယ်။
မေး ◾ နောက်တစ်ခုက Manifesto ထဲမှာပါတဲ့ ဒေါ်လာစျေးနှုန်းပေါ့နော်။ ဒေါ်လာစျေးနှုန်းကို နှုန်းရှင်နှုန်းထားအတိုင်း ဥက္ကဋ္ဌကြီးတို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဦးခင်ရီ ◾ ဟုတ်တယ်ဗျ။ ဟုတ်တယ်။ ဒါကတော့ နည်းနည်းလေးစောသေးလို့ အသေးစိတ်မပြောသေးတာ။ ဒါက Monetary Policy ၊ System Policy ၊ Trade Policy ၊ Interest Policy ဒါတွေနဲ့ ဆိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်အသေးစိတ်ဆွေးနွေးသွားမယ်။ ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမှုဝါဒ၊ သွင်းကုန်မူဝါဒ၊ ထုတ်ကုန်မူဝါဒ၊ အတိုးနှုန်းမူဝါဒ။ ဒါကို အရင်သမ္မတကြီး ဦးသိန်းစိန်လက်ထက်က နှုန်းရှင်လုပ်ခဲ့သလို ဒါတွေက ဘယ်လောက်ထိ Impact ဖြစ်သလဲဆိုတာကို ပြန်တွက်တယ်။ ဒါကြောင့် လုပ်ပေးမယ်လို့ ကျွန်တော်ပြောထားတာပေါ့။ ဒါကို ဆက်လက်ပြီးတော့ ဆွေးနွေးရမယ် ကိစ္စတွေပါ။ လက်ရှိအခြေအနေထက်ပိုပြီးတော့ လုပ်သာကိုင်သာရှိတဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ ဖန်တီးသွားမှာဖြစ်ပါတယ်။
မေး ◾ အခုဆိုရင် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံကနေ TPS ရပ်ဆိုင်းလိုက်တဲ့အပေါ်မှာ ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲခင်ဗျ။
ဦးခင်ရီ- ရပ်ဆိုင်းလိုက်တာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ Department of Homeland Security ပေါ့။ ကျွန်တော်နားလည်တာကတော့ ဒါက အမိမြေလုံခြုံရေးဌာနပေါ့ဗျာ။ အဲဒီကနေ TPS ပေါ့နော်။ Temporary Protected Status ယာယီခိုလှုံခွင့် ခွင့်ပြုတာပေါ့။ ဒါမျိုးက သဘော၀ဘေးအန္တရယ်ကြောက်တဲ့သူတွေ၊ လက်နက်ကိုင် ပဋိပက္ခရှိတဲ့ ဒေသကလူတွေပေါ့နော်။ ဒီနေ့ သူတို့ကြေညာချက်ထဲမှာ ကျွန်တော်လည်း ခုနကပြောပါတယ်။ တိုးတက်မှုတွေအများကြီးရှိတယ်။ မြန်မာပြည်မှာ တည်ငြိမ်တဲ့အုပ်ချုပ်ရေးစနစ်တွေလည်း ပေါ်နေပြီ။ ရွေးကောက်ပွဲကျင်းပဖို့လည်း နိုင်ငံတော်က စီမံဆောင်ရွက်နေပြီ။ နောက်တစ်ခုက အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက တိုးတက်ပြီးတော့ ဆောင်ရွက်နေပြီ။ ဒီလိုအခြေအနေတွေကြောင့် ဒီဘက်မှာ လုံလုံခြုံခြုံပိုရှိလာပြီပေါ့။ ဒါကို သူတို့ရဲ့ TPS ကို သက်တမ်းမတိုးပေးတော့ဘူး။ သက်ဆိုင်ရာနိုင်ငံကို ပြန်သင့်တယ်။ ဒီလိုစဉ်းစားတာက သူတို့နိုင်ငံအတွက် မဆိုင်တဲ့ဝန်ကို လျော့ကျသွားတာပေါ့နော်။ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့နိုင်ငံကို ပြန်လာ၊ ကောင်းတာပေါ့။ အခုလည်း နိုင်ငံတော်က ဖိတ်ခေါ်နေတာပဲလေ။ အထူးသဖြင့် ရွေးကောက်ပွဲမှာ စုံစုံလင်လင်နဲ့ မဲပေးစေချင်တာပေါ့။ ဟုတ်တယ်မလား။ အဲဒီအချက်ကတော့ အမေရိကန်အစိုးရရဲ့ ကြေညာချက်ကို ကြိုဆိုပါတယ်ဗျ။ တခြားမှာတော့ အမျိုးမျိုးတွေပြောနေကြတာပေါ့။ ကျွန်တော်တို့က ပြောတာမဟုတ်ဘူးနော်။ အခြားနိုင်ငံက ပြောတယ်ဆိုတော့ ဒါကိုသဘောကျပါတယ်။ ကြိုဆိုပါတယ်။
မေး ◾ နိုင်ငံတော်က ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံရသူတွေနဲ့ ကြားနားစစ်ဆေးဆဲအမှုတွေကို လွတ်ငြိမ်းခွင့်နဲ့ အမှုပိတ်သိမ်းပေးတဲ့အပေါ် ဥက္ကဋ္ဌကြီးရဲ့ အမြင်နဲ့ ကြိုဆိုမှုလေးကို သိပါရစေ။
ဦးခင်ရီ ◾ ဒါကလည်းဗျာ နိုင်ငံတော်အစိုးရအနေနဲ့ ရွေးကောက်ပွဲနီးတဲ့အခါမှာ ပြည်သူအားလုံး ပါဝင်စေချင်တဲ့ ဆန္ဒက ထင်းထင်းကြီးပေါ်တယ်။ ဟုတ်တယ်မလား။ အပြစ်တွေဖြစ်ကြတယ်။ လွှတ်လို့ရတဲ့အပြစ်မျိုးဆိုရင် လွှတ်တယ်ဆိုတဲ့ သဘောမျိုးဖြစ်တာပေါ့။ ရွေးကောက်ပွဲမှာ ရှိတဲ့လူနဲ့လုပ်ကွာဆိုရင် ဒါတွေထည့်စဉ်းစားစရာမလိုဘူး။ ပါစေချင်တာ။ ကျွန်တော်ထင်တယ်။ ကျွန်တော်ထင်တာ ၈၀၀၀ လားမသိဘူး။ ဒါကိုက ရွေးကောက်ပွဲမှာ နိုင်ငံတော်က အလေးထားတယ်။ UEC က အလေးထားတယ်။ အားလုံးနိုင်ငံသားတွေ ပါဝင်စေချင်တဲ့သဘောလို့ ယူဆတယ်။ ဒါကို ကျွန်တော် ကြိုဆိုပါတယ်။
မေး ◾ ဥက္ကဋ္ဌကြီးဒီနေ့ပြောသွားတဲ့အထဲမှာလည်းပါပါတယ်။ သတင်းမီဒီယာ၊ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မူဝါဒတွေရေးဆွဲထားတာရှိတယ်ပေါ့နော်။ အနိုင်ရပြီး အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်မယ်ဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် ဘယ်လိုမူဝါဒတွေရှိပါသလဲခင်ဗျ။
ဦးခင်ရီ ◾ ပါပါတယ်ဗျ ဒါလည်းလေ။ အသေးစိတ်တော့ အကုန်မပြောတော့ဘူး။ အထူးသဖြင့်ကတော့ မီဒီယာလွတ်လပ်ခွင့်ရှိရမယ်။ သို့သော် တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့လိုတာပေါ့နော်။ ဒါကို ကျွန်တော်တို့လုပ်မယ်။ နောက်တစ်ခုက သတင်းတု၊ သတင်းအမှားတွေ။ လူထုအတွင်းမှာ သတင်းအမှားတွေ ရိုက်ခတ်တာမျိုးမဖြစ်အောင် ထိန်းကျောင်းတဲ့ စနစ်မျိုးလုပ်မယ်။ နောက်တစ်ခုက မီဒီယာသင်တန်းကျောင်းတစ်ခုဖွင့်ဖို့ စိတ်ကူးထားတယ်ပေါ့နော်။ ကျွန်တော်တို့ အဆင့်မီတဲ့ မီဒီယာသင်တန်းကျောင်းတစ်ခု။ မီဒီယာကို ထရိန်းလုပ်ပေးတဲ့ ဒါမှမဟုတ် Certificate ရှိတဲ့ ပုဂ္ဂိုလ်တွေက ဆောင်ရွက်ပေးတယ်ဆိုတော့ နည်းနည်းလေးပိုပြီးတော့များ အဆင်ပြေမလားလို့လေ။ အဲဒါလေး ကျွန်တော်တို့ဆောင်ရွက်ထားတာရှိပါတယ်။
မေး ◾ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ပြီဆိုရင် ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအပေါ် ပြန်လာဖို့အတွက် ဘယ်လိုများစီစဉ်ထားရှိပါသလဲ ဥက္ကဋ္ဌကြီး။
ဦးခင်ရီ ◾ အဲဒါက ကျွန်တော်ဝန်ကြီးဖြစ်တုန်းက တစ်ခုလုပ်တယ်လေ။ အဲဒါက ကျွန်တော်လ၀ကဝန်ကြီးတုန်းက ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေပြန်လာချင်တယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာက နှစ်နိုင်ငံသားကိုင်ထားတဲ့ စနစ်ကိုမပေးဘူး။ ဟိုနိုင်ငံကိုစွန့်လွှတ်ပြီး ဒီနိုင်ငံသားပြန်ခန့်ချင်ရင် လက်ခံတယ်။ Exile Myanmar ဆိုတဲ့ စနစ်ရှိတယ်။ အခုတော့ ဘယ်လောက်လာမလဲ မသိဘူး။ ကျွန်တော့်တုန်းက တစ်ရာကျော်လောက်ရှိတယ်။ နောက်တစ်ခုကတော့ နိုင်ငံသားကို စွန့်လွှတ်စရာမလိုဘူး။ PR ပေါ့ဗျာ။ Permanent Residence ငါးနှစ်သက်တမ်း ဒါပေးထားတာရှိတယ်။ အခုဒီစနစ်တွေအပြင် အခု နိုင်ငံတော်က ပြန်ဖိတ်ခေါ်နေတယ်နော်။ ပြန်ဖိတ်ခေါ်နေတာ အများကြီးရှိတယ်။ ဘယ်လောက်ထိများလာမလဲ ကျွန်တော်တို့မသိသေးဘူး။ အမှန်ကတော့ တိုင်းပြည်တည်ဆောက်ရေးမှာ ကျွန်တော်တို့တစ်တွေ အားလုံးပြည့်ပြည့်စုံစုံနဲ့ အားလုံးပါရင် ပိုကောင်းတာပေါ့။ ဒါတွေနိုင်ငံတော်ရဲ့ ဆောင်ရွက်ချက်တွေ ကြိုက်တယ်ဗျ။ ထောက်ခံပါတယ်။

မေး ◾ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ဘယ်လောက်ထိ ပြင်ဆင်ထားပြီးပါသလဲ။ ရွေးကောက်ပွဲအပေါ်မှာ ဘယ်လောက်ထိ မျှော်လင့်ထားပါသလဲ ဟုတ်ကဲ့ပါ။
ဦးခင်ရီ ◾ ရွေးကောက်ပွဲမှာ ကာလသုံးပါးရှိတယ်လေ။ တစ်ပိုင်းကတော့ တစ်ခုပြီးတဲ့အချိန် နောက်တစ်ခုစတဲ့ကြားက Pre Election Period ပေါ့။ ရွေးကောက်ပွဲအကြိုကာလ။ နောက် ရွေးကောက်ပွဲနေ့ Election Day၊ ရွေးကောက်ပွဲပြီးတော့ Post Election ဒီကာလသုံးပါးစလုံးအတွက် ကျွန်တော်တို့ပြင်ဆင်ထားပါတယ်။ ရွေးကောက်ပွဲအကြိုကာလမှာလည်း လုပ်ရမဲ့ဟာတွေလုပ်ပါတယ်။ ကျွန်တော်တို့က နေရာရှိသမျှ၊ ရုံးတွေလည်းရှိတယ်၊ လူလည်းရှိတယ်။ ကျွန်တော်တို့ဝင်ပြိုင်တယ်။ ဝင်ပြိုင်ဖို့အတွက်လုပ်တယ်။ ဒီမှာလည်း အမိန့်ညွှန်ကြားချက်တွေအားလုံးကို တတ်နိုင်သမျှ မချိုးဖောက်အောင် ကျွန်တော်တို့ဆောင်ရွက်တယ်။ စည်းကမ်းစနစ်တကျဘောင်ထဲက သန့်သန့်ရှင်းရှင်းနဲ့ ယှဉ်ပြိုင်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ ဒါကိုပြည့်စုံနေအောင် ပြင်ဆင်ထားပါတယ်။
မေး ◾ နောက်ဆုံးမေးခွန်းလေးပါ။ အစိုးရအဖွဲ့တစ်ဖွဲ့ ဖြစ်သွားပြီဆိုရင် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုများဆက်လက်ဆောင်ရွက်ဖို့အတွက် အစီစဉ်များရှိပါသလဲ ဥက္ကဋ္ဌကြီး။
ဦးခင်ရီ ◾ ငြိမ်းချမ်းရေးက တိုင်းပြည်အတွက်အရေးကြီးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သမ္မတကြီးဦးသိန်းစိန်လက်ထက်က ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင် အားနဲ့ပါခဲ့တယ်။ ကျွန်တော်က KNU တာဝန်ယူခံပေါ့။ ခုနက ကျွန်တော်ပြောသလို အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အားလုံးက ကောင်းတယ်၊ အားလုံးကောင်းတယ်။ အဲဒီအတိုင်းကို ကျွန်တော်တို့ဆက်ပြီးလုပ်မယ်။ NCA က ခိုင်မာတဲ့ ဘယ်လိုခေါ်မလဲ စာချုပ်စာတမ်းတစ်ခုပဲ။ အခုချိန်ထိ NCA က ပျက်သွားတာမဟုတ်ဘူး။ ထွက်သွားတာပဲ။ အဲဒီတော့ ကျွန်တော်ပြောသလိုပေါ့။ ကျွန်တော့်အတွေ့အကြုံအရ ငြိမ်းချမ်းရေးမှာ Trust တို့ Confidence တို့အရေးကြီးတယ်။ ဒါ့ထက်အရေးကြီးတာက Political Will လို့ခေါ်တယ်။ နိုင်ငံရေးအရ ဆန္ဒရှိဖို့လိုတယ်။ နိုင်ငံရေးအရ ဆန္ဒရှိဖို့ ကျွန်တော်ဖန်တီးယူသွားမယ်။ အဲဒါဆိုရင် ငြိမ်းချမ်းရေးခရီးက သိပ်မဝေးဘူးလို့ ကျွန်တော်ထင်တာပဲဗျ။
◾ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။
