ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီ၏ မြင်ကွင်းတစ်ခု တွေ့ရစဥ်
၁၅. ၂. ၂၀၂၃
Written by Peya
ရွေးကောက်ပွဲဥပဒေသစ် စည်းမျဉ်းများကြောင့် လာမည့် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါတီငယ်များ ပူးပေါင်းကာ ယှဉ်ပြိုင်ခြင်းသည် ဖြစ်နိုင်သည်ဟု ထင်ရသော်လည်း ခဲယဉ်းသည့် ကိစ္စတစ်ခု ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက MT News သို့ သုံးသပ်ပြောကြားသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေတို့ကို ထုတ်ပြန်ထားပြီးဖြစ်ကာ အဆိုပါ ဥပဒေအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီများအနေဖြင့် ပါတီဝင် ဦးရေ တစ်သိန်း စည်းရုံးထားရမည်ဖြစ်ကာ ပါတီရန်ပုံငွေအဖြစ် ကျပ်သိန်းတစ်ထောင် ဘဏ်စာရင်းဖွင့်ထားရန် လိုအပ်သည့်အပြင် မြန်မာ့မြို့နယ်များ၏ ထက်ဝက်တွင် ရုံးခန်းများဖွင့်လှစ်ရန်အပြင် မဲဆန္ဒနယ်များ၏ ထက်ဝက်ကို ဝင်ရောက်ယှဥ်ပြိုင်ရမည်ဖြစ်သည်။ ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ အနေဖြင့် ပါတီဝင် ဦးရေ တစ်သောင်း စည်းရုံးထားရမည်နှင့် ရန်ပုံငွေ ကျပ် သိန်းတစ်ရာ ဘဏ်စာရင်း ဖွင့်ထားရန် လိုအပ်သည်ဟု သတ်မှတ်ခဲ့သည်။
“ရွေးကောက်ပွဲ ဥပဒေဟာ ပါတီတွေရဲ့ ကိုယ်စားပြုမှု အပိုင်းနဲ့ ပတ်သက်ပြီး သံပါတ်တင်းလိုက်တဲ့ ဥပဒေပါပဲ။ ဒီဥပဒေ ပေါ်လာတာကတော့ ကောင်းတယ်လို့ ဆိုရပေမယ့် ဒီအချိန် ဒီကာလမှာတော့ နည်းနည်းများ အချိန်အခါနဲ့များ လိုက်ဖက်ညီမှု ရှိရဲ့လားလို့ တွေးတောနေရတာမျိုး ရှိပါတယ်။ ပါတီငယ်တွေ ပူးပေါင်းပြီး ပါတီကြီးတစ်ခုအနေနဲ့ ပြိုင်ဖို့ ဆိုတာကလည်း အမှတ်တမဲ့ကြည့်ရင် ဖြစ်နိုင်တယ် ထင်ရပေမယ့် ဒါလည်း တော်တော်ခဲယဉ်းတဲ့ ကိစ္စတစ်ခုပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ဘယ်သူက ဥက္ကဋ္ဌလုပ်မှာလဲ။ လွှတ်တော်ကိုယ်စားလှယ်တွေလုပ်တဲ့ အခါ အမှတ်စဉ်တွေနဲ့ သွားရတဲ့အခါ အမှတ်စဉ် ၁ ကို A ဆိုတဲ့ ပါတီ ကလည်း လိုချင်မယ်။ B ဆိုတဲ့ ပါတီကလည်း လိုချင်တယ်။ C ကလည်း လိုချင်မယ်။ အဲ့ဒါဆို ပူးပေါင်းတဲ့ ပါတီတွေက မင်းလည်း ဒီလောက်ပဲ ထည့်တယ်။ မင်းအရည်အချင်းကလည်း ဒါပဲ။ ငါ့အရည်အချင်းကလည်း ဒါပဲ။ မင်းအမြဲတမ်း အမှတ်စဉ် တစ်နေရာ မရနိုင်ဘူးဆိုပြီး ပေါင်းပြီး ကွဲသွားကြရင်လည်း ဒါမသင့်လျော်တဲ့ ကိစ္စဖြစ်ပါတယ်” ဟု အထက်ပါ သုံးသပ်လေ့လာသူက ဆိုသည်။
ပူးပေါင်းပြီး လုပ်ဆောင်မည် ဆိုခြင်းမှာလည်း အားနည်းသည့် ကိစ္စဖြစ်သည်ဟု ယေဘူယျ သုံးသပ်နိုင်ကာ တစ်နိုင်ငံလုံး ပမာဏဖြင့် လွှမ်းခြုံပြီး ရွေးကောက်ပွဲဝင်နိုင်မည့် ပါတီသည်လည်း လက်ငါးချောင်းထက် မပိုနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
“တော်တော်များများသော ပါတီတွေဟာ ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာပဲ မှတ်ပုံတင်သွားတဲ့ ပါတီတွေ ဖြစ်လာလိမ့်မယ်လို့ မှန်းဆပါတယ်။ အချို့ ပါတီများကလည်း ပျောက်သွားနိုင်ပါတယ်။ အချို့ ပါတီတွေကလည်း ပါတီကြီးတွေကို အသီးသီး မိမိ ပုဂ္ဂလိကဆန္ဒနဲ့ ဝင်ရောက်သွားတဲ့ ပုံစံမျိုးတွေလည်း ရှိနိုင်တယ်လို့ သုံးသပ်ရပါတယ်” ဟု ၎င်းက ဆိုသည်။
