၁၄. ၂. ၂၀၂၃
Written by Nay Moe
SAC က စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များမှာ NUG က ထိန်းချုပ်ထားသော နယ်မြေများဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုနေသော်လည်း တပ်မတော်၏ အဆိုပါဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်လာနေချိန်တွင် NUG အနေဖြင့် တိကျသည့်နိုင်ငံရေးရလာဒ် ဆုပ်ကိုင်ပြရန် လိုအပ်နေပြီဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ပြုလုပ်သည့် NUG အစည်းအဝေးတွင် သတိပေးသည်။
“နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်ပြီးလို့ (၃) နှစ်တာ ကာလထဲကို ချည်းနင်း ဝင်ရောက်လာမှုမှာ တိကျတဲ့ နိုင်ငံရေးရလဒ်တွေ ထွက်အောင် ကြိုးစားကြဖို့ လိုအပ်ကြောင်း ပြောကြားချင်ပါတယ်။ ကျွန်တော်တို့ဟာ ယေဘုယျရှုမြင်ချက်တွေနဲ့ပဲ ရှေ့ဆက်လို့ မရပါဘူး။ တိတိကျကျ ဆုပ်ဆုပ်ကိုင်ကိုင်ပြလို့ရမယ့် နိုင်ငံရေး ရလဒ်တွေကို ပြည်သူတွေကို ပေးဝေဖို့ လိုနေပါပြီ” ဟု ဒူဝါလရီးလက ဆိုသည်။
NUG အနေဖြင့် နွေဦးတော်လှန်ရေးအဆုံးသတ်အောင်ပွဲဆင်နွှဲရရန် ပြည်တွင်းမဟာမိတ်အင်အား စုစည်းထားရမည့်အပြင် အိမ်နီးချင်းနိုင်ငံများနှင့်လည်း မဟာမိတ်ဆက်ဆံရေးဖြစ်ထွန်းအောင် ကြိုးစားရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးမှာ ပထဝီနိုင်ငံရေးနှင့် ဆက်စပ်နေသည်ဟုလည်း ဒူဝါလရှီးလက ဆက်ပြောသည်။
“ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေး အဆုံးသတ်အောင်ပွဲကို ဆင်နွှဲနိုင်ဖို့အတွက် ပြည်တွင်းမှာလည်း မဟာမိတ် ညီညွတ်ရေးအင်အားကို တည်ဆောက်ထားနိုင်ရမယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်းအောင် ကြိုးစားရမယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြည်တွင်းရေးကိစ္စတွေဟာ ပထဝီနိုင်ငံရေးကိစ္စနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ဒါ့ကြောင့် အိမ်နီးချင်းနိုင်ငံတွေထဲမှာ နွေဦးတော်လှန်ရေးအပေါ် မတူတဲ့သဘောထား ထင်မြင်ချက်တွေ ရှိတာကို နားလည်ပြီး လက်တွေ့ကျတဲ့ သံခင်းတမန်ခင်း မူဝါဒတွေနဲ့ ရှေ့ဆက်ဖို့ လိုတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေအဖြစ် အသွင်ပြောင်းတည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ရပါလိမ့်မယ်” ဟု ဒူဝါလရှီးလက ပြောသည်။
