သတိုး
၁၀. ၁၁. ၂၀၂၅
BBC အကြီးအကဲ တင် ဒေးဗီး (Tim Davie) နုတ်ထွက်သွားခြင်းသည် ဗြိတိန်နိုင်ငံ၏ အများပြည်သူဆိုင်ရာ ရုပ်သံဌာနအပေါ် တစ်ပတ်ကြာ တိုက်ခိုက်မှုများ၏ နိဂုံးချုပ်ဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ သတင်းပြန်ကြားရေးအတွင်းဝန်က BBC ကို ‘၁၀၀ ရာခိုင်နှုန်း သတင်းအတု’ ဟုပင် ဖော်ပြခဲ့သည်။
ဗြိတိန်အသံလွှင့်ကော်ပိုရေးရှင်း (BBC) ၏ ၁၇ ဦးမြောက် အကြီးအကဲလည်းဖြစ်သည့် ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေးဗီးသည် အယ်ဒီတာချုပ်တာဝန်၊ အမှုဆောင်အရာရှိချုပ်တာဝန်များကိုလည်း ရယူထားသူဖြစ်ပြီး သူ၏ နုတ်ထွက်ရခြင်းမှာ ၂၀၂၁ ခုနှစ်တွင် အမေရိကန် ကက်ပီတောလ် အဆောက်အအုံကို တိုက်ခိုက်မှုဖြစ်ပွားသည့်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ် ပြောကြားခဲ့သော မိန့်ခွန်းကို တည်းဖြတ်မှု ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
ယခု တနင်္ဂနွေနေ့က တင်မ်ဒေးဗီးအပြင် သတင်းပိုင်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဒီဘိုရာ တားနက်စ် (Deborah Turness) တို့ ပူးတွဲနုတ်ထွက်မှုသည် ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကို ထရမ့်ပ် အားပေးခဲ့ပုံရစေရန်အတွက် ဘက်လိုက်တည်းဖြတ်မှုနှင့် အဓိက သက်ဆိုင်သည်။ ထိုအချိန် ထရမ့်ပ်က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းကို BBC ရုပ်သံဌာနက ဘက်လိုက် တည်းဖြတ်ခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာသည့် ပဋိပက္ခများပြည့်နှက်နေသော တစ်ပတ်တာကို ဒေးဗီးတို့ နုတ်ထွက်ခြင်းဖြင့် အဆုံးသတ်လိုက်သလို ဒေးဗီးက သူသည် မှားယွင်းမှုများအတွက် “အပြည့်အဝ တာဝန်ယူကြောင်း” ပြောကြားခဲ့ပြီး ၎င်း၏ ငါးနှစ်တာကာလအတွင်း အများပြည်သူဆိုင်ရာ ရုပ်သံဌာန၏ ဦးဆောင်မှုနေရာမှ နုတ်ထွက်ခြင်းမှာ “မိမိ၏ ဆုံးဖြတ်ချက် အပြည့်အဝ” ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

”ဒီလို မငြိမ်မသက်တဲ့ကာလတွေမှာ ဒီတာဝန်ကို နှစ်ပေါင်းများစွာ စီမံခန့်ခွဲချိန် ကြုံတွေ့ရတဲ့ အလွန်ပြင်းထန်တဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပညာရပ်ဆိုင်ရာ လိုအပ်ချက်တွေကို ပြန်လည်စဉ်းစားမိပြီး၊ ကျွန်တော့်နေရာကို ဆက်ခံမယ့်သူကို သူတို့ ဆောင်ရွက်ရမယ့် စာချုပ်အစီအစဉ်တွေကို ပုံဖော်ဖို့ အချိန်ပေးချင်တဲ့အချက်တွေ ပေါင်းစပ်ပြီး ဒီဆုံးဖြတ်ချက်ကို ချတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
◾️ BBC ၏ တည်းဖြတ်မှု ဝေဖန်ခံရခြင်း
ပြီးခဲ့သည့်နှစ် အမေရိကန်ရွေးကောက်ပွဲ မတိုင်မီ တစ်ပတ်အလိုတွင် ထုတ်လွှင့်ခဲ့သည့် BBC ၏ အဓိကအစီအစဉ်ဖြစ်သော Panorama မှ မှတ်တမ်းရုပ်ရှင်တစ်ခုသည် ထရမ့်ပ်၏ မိန့်ခွန်းမှ မတူညီသည့် အချိန်ကာလများတွင် ပြောဆိုခဲ့သော စကားအပိုင်းအစများကို ဆက်စပ်၍ တည်းဖြတ် ပြသခဲ့သည်။
ထိုသို့ ဆက်စပ် တည်းဖြတ်မှုကြောင့် ထရမ့်ပ်က “ကျွန်တော်တို့ ကက်ပီတောလ် (လွှတ်တော်အဆောက်အအုံ -Capitol Hill) ဆီ လျှောက်သွားမယ်။ ကျွန်တော်လည်း ခင်ဗျားတို့နဲ့အတူ ရှိနေမယ်။ ပြီးတော့ ကျွန်တော်တို့ တိုက်ပွဲဝင်မယ်။ ကျွန်တော်တို့ အပြင်းအထန် တိုက်ပွဲဝင်မယ်” ဟု အကြမ်းဖက်ရန် ပြောဆိုခဲ့သကဲ့သို့ ဖြစ်ပေါ်သွားစေပုံရစေခဲ့သလို ထရမ့်ပ်က ထောက်ခံသူများကို ငြိမ်းချမ်းစွာ ဆန္ဒပြရန် တောင်းဆိုခဲ့သည့် အပိုင်းအား ဖြတ်တောက်ဖယ်ရှားခဲ့သောကြောင့် ယင်းသည် ထင်ယောင်ထင်မှားဖြစ်စေသည်ဟု ဝေဖန်သူများက ပြောဆိုခဲ့ကြသည်။
‘တာဝန်အားလုံး ကျွန်တော့်မှာရှိပါတယ်’ဟုလည်း ဒေးဗီးက ဝန်ခံခဲ့သည်။
ဒေးဗီးလိုပင် BBC သတင်းဌာန၏ အကြီးအကဲဖြစ်သည့် တားနက်စ်က ထရမ့်ပ်မှတ်တမ်းရုပ်ရှင်နှင့်ပတ်သက်သော အငြင်းပွားမှုသည် “ကျွန်မချစ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ BBC ကို ထိခိုက်စေမယ့် အဆင့်တစ်ခုကို ရောက်လာခဲ့ပြီ” ဟု ဝန်ခံခဲ့သည်။

”BBC သတင်းနဲ့ လက်ရှိအခြေအနေများဆိုင်ရာ အမှုဆောင်အရာရှိချုပ်အနေနဲ့ တာဝန်အားလုံးက ကျွန်မမှာရှိပါတယ်” ဟုလည်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
ဒေးဗီးနှင့် တားနက်စ်တို့ ဘက်လိုက်မှုကြောင့် နုတ်ထွက်ရမှု မတိုင်မီ တနင်္ဂနွေနေ့ အစောပိုင်းက ဗြိတိန်ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားဝန်ကြီး Lisa Nandy ကလည်း ယင်းစွပ်စွဲချက်များသည် “မယုံနိုင်စရာ ကောင်းလောက်အောင် အလေးအနက်ရှိသည်” ဟု ခေါ်ဆိုခဲ့ပြီး BBC တွင် ခက်ခဲသောကိစ္စရပ်များကို သတင်းတင်ပြရာတွင် “စနစ်တကျ ဘက်လိုက်မှု” ရှိနေသည်ဟုလည်းဝေဖန်မှုများအပေါ် ထောက်ခံ ပြောဆိုခဲ့သည်။
လန်ဒန်မှ သတင်းပေးပို့နေသော Al Jazeera သတင်းထောက် Rory Challands ကလည်း BBC သည် အမြဲတမ်း ခက်ခဲသောအနေအထားတွင် ရှိနေကြောင်း မှတ်ချက်ပြုခဲ့သည်။
”ဒီအဖွဲ့အစည်း (BBC) ကို လစ်ဘရယ်ဘက်လိုက်မှုရဲ့ ဗဟိုချက်လို့ ရှုမြင်တဲ့ လက်ယာသမားတွေကလည်း ဝေဖန်တိုက်ခိုက်တယ်။ အထူးသဖြင့် ဂါဇာကဲ့သို့ ကိစ္စရပ်တွေမှာ အာဏာရှိသူတွေကို သူတို့ လုပ်သင့်သလောက် တာဝန်ခံခိုင်းခြင်း မရှိဘဲ အစိုးရရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာတယ်လို့ ယူဆတဲ့ လက်ဝဲသမားတွေကလည်း BBC ကို ဝေဖန်တိုက်ခိုက်နေပါတယ်” ဟု ၎င်းက ပြောသည်။
◾️ အစ္စရေးဆန့်ကျင်ရေးဆိုင်ရာ ဘက်လိုက်မှု စွပ်စွဲချက်များ
ဗြိတိန်လက်ယာဝါဒီမီဒီယာများက စတင်မီးထိုးပေးခဲ့သည့် ဤအငြင်းပွားမှုသည် အတ္တလန္တိတ်သမုဒ္ဒရာတစ်ဖက်ခြမ်းသို့ပင် ရောက်ရှိခဲ့ပြီး၊ ထရမ့်ပ်၏ အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းဝန် Karoline Leavitt က သောကြာနေ့တွင် BBC ကို “၁၀၀ ရာခိုင်နှုန်း သတင်းအတု” နှင့် “ဝါဒဖြန့်ချိစက်” ဟု ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် အင်္ဂါနေ့က The Daily Telegraph သတင်းစာတွင် BBC ၏ အယ်ဒီတာအဖွဲ့ စံနှုန်းများကော်မတီ၏ အဖွဲ့ဝင်ဟောင်း Michael Prescott မှ ရေးသားပြုစုထားသော မှတ်တမ်းတစ်ခုကို ကိုးကားဖော်ပြခဲ့ရာမှ ဤဇာတ်လမ်းစတင်ခဲ့သည်။ ယင်းမှတ်တမ်းတွင် ထရမ့်ပ်မိန့်ခွန်း တည်းဖြတ်မှုအပေါ် စိုးရိမ်ပူပန်မှုများအပြင် BBC ၏ အာရဗီဌာနတွင် အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှု ရှိနေသည်ဟု ယူဆရသော အချက်များကိုပါ ဝေဖန်ခဲ့သည်။
စနေနေ့တွင် ယင်းသတင်းစာကပင် လက်ယာဝါဒီပါလီမန်အမတ်ဖြစ်သူ၊ ဗြိတိန် ကွန်ဆာဗေးတစ်ပါတီမှ Priti Patel သည် BBC Arabic ဌာနအား BBC ကမ္ဘာ့ဝန်ဆောင်မှု (BBC World Service) အတွက် ပေးအပ်သည့် ထောက်ပံ့ငွေမှတစ်ဆင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးက ရန်ပုံငွေပေးအပ်မှုကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့ကြောင်း သတင်းပေးပို့ခဲ့ပြီး၊ BBC သတင်းဌာနသည် “ဟားမတ်စ်လိုလားပြီး အစ္စရေးကို ဆန့်ကျင်သည့် ဘက်လိုက်မှု” ရှိသည်ဟု စွပ်စွဲခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆန့်ကျင်ဘက်အဖြစ် BBC ရုပ်သံဌာနသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်သည့် သတင်းတင်ဆက်မှုများတွင် အစ္စရေးကို မျက်နှာသာပေးသည့် တင်ပြမှုများ ပြုလုပ်သည်ဟုလည်း စွပ်စွဲခံထားရပြီး ၎င်း၏ ကိုယ်ပိုင်ဝန်ထမ်းများ (BBC ဝန်ထမ်းများ) ထံမှပင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ဒေးဗီးတို့ နုတ်ထွက်သွားခြင်းကို လူကြိုက်များသော လက်ယာစွန်း ပြုပြင်ပြောင်းလဲရေးပါတီ (Reform UK) ၏ ခေါင်းဆောင် Nigel Farage က ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပြီး ၎င်း၏ပါတီသည် စစ်တမ်းများတွင် အရှိန်အဟုန်ဖြင့် တက်လာနေသည်။
”ဒါဟာ BBC ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ သူတို့ ဒါကို အမှန်အတိုင်း မလုပ်ရင် လိုင်စင်ကြေးပေးဆောင်ဖို့ ငြင်းဆန်မယ့်သူတွေ အများကြီး ရှိလာလိမ့်မယ်” ဟု Farage က X (ယခင် Twitter) တွင် ပြောကြားခဲ့သည်။
Ref : Al Jazeera
