၃၁. ၁၀. ၂၀၂၅
Translated by Thettant
ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဖတ်ချဘွန်းပြည်နယ်၊ ခေါ့ခေါ့မြို့၊ ရင်ဆီမောင်းရပ်ကွက်၊ မူး (၂)ရွာရှိ တောအုပ်နောက်ဘက်တွင် နိုင်ငံခြားသားများ ပုန်းအောင်းနေကြောင်း ရွာသားတစ်ဦး၏ သတင်းပေးချက်အရ ခေါ့ခေါ့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
တရားမဝင် ဝင်ရောက်လာသူများကို ရဲအရာရှိများက စစ်ဆေးရာတွင် မြန်မာနိုင်ငံသား ၁၅ ဦးနှင့် တရုတ်နိုင်ငံသား ၅ ဦး စုစုပေါင်း ၂၀ ဦးကို တွေ့ရှိခဲ့ရသည်။


၎င်းတို့သည် မြန်မာနယ်စပ်မှတစ်ဆင့် တောလမ်းများအတိုင်း နယ်ခြားစည်းမျဥ်းကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်သည်။
အဆိုပါ အဖွဲ့သည် ၎င်းတို့အား စက်ရုံအလုပ်ပေးမည်ဟု ကတိပြုကာ ကားတစ်စီးဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ သို့သော် ခေါ့ခေါ့သို့ ရောက်ရှိသောအခါ နောက်ထပ်ကားတစ်စီး လာရောက်ခေါ်ဆောင်ရန် တောထဲတွင် ချထားခဲ့သော်လည်း မည်သည့်ယာဉ်မျှ ထပ်မံရောက်မလာခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
တစ်ရက်ကျော်ကြာ စောင့်ဆိုင်းနေပြီးနောက် ရွာသားများက ၎င်းတို့ကို တွေ့ရှိကာ ရဲတပ်ဖွဲ့သို့ သတင်းပို့ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ကို တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုကာ လုံဆာ့ခ်ပြည်နယ် တရားရုံးသို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် စစ်ဆေးအရေးယူပြီး နေရပ်သို့ ပြန်ပို့နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
Ref, Khaodsod
