◾️ ရာဇဝတ်မှုကျူးလွန်ပြီး ရာဇဝတ်ပြစ်ဒဏ် ကျခံနေရသည့် ထောင်ကျသူများနှင့်မူ တွေ့ဆုံခွင့် ပေးနိုင်ချင်မှပေးနိုင်မည်ဖြစ်ပြီး မည်သည့်နိုင်ငံများက ယင်းကဲ့သို့ တွေ့ဆုံခွင့်ပေးခဲ့သလဲဟု မေးခွန်းပြန်ထုတ်
၃၀. ၁၀. ၂၀၂၅
Written by Nyein Kyaw
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်သည် အာဆီယံထိပ်သီးအစည်းအဝေးမှ အတည်ပြုထုတ်ခဲ့ခြင်း မဟုတ်ဘဲ အစည်းအဝေးပြီးမှ ထွက်ပေါ်လာသည့် ထုတ်ပြန်ချက်ဖြစ်ကြောင်းနှင့် ယင်းဘုံသဘောတူညီချက်ကို အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာ အာဏာကို မထိခိုက်စေဘဲ ကြိုးစားပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ပြီးခဲ့သည့် အာဆီယံအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အမျိုးမျိုးပြောဆိုဝေဖန်နေမှုများအနက် အာဆီယံဘုံသဘောညီချက် ၅ ရပ်အပေါ် လုပ်ဆောင်ခဲ့ခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံကို အာဆီယံအစည်းအဝေးမှ နိုင်ငံရေးအဆင့်ရှိသူများ တက်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်သွားမည်ဆိုသောအချက်နှင့် ယင်းအချက်အပေါ် ဆန့်ကျင်ဘက်မီဒီယာများအနေဖြင့် ထုတ်လွှင့်နေမှုများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး သမိုင်းကြောင်းလေးပြောချင်ပါတယ်။ ဒီ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ အင်ဒိုနီးရှားမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းဝေးကို မြန်မာနိုင်ငံက နိုင်ငံ့အကြီးအကဲကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ကျွန်တော်တို့လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာတော့ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အဓိကအကြောင်းအရာ သုံးခုကို တင်ပြခဲ့ပါတယ်။ နံပါတ်တစ် တပ်မတော်အနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန် လွှဲပြောင်းရယူခဲ့တဲ့ အခြေအခံအကြောင်းအရင်းတွေ၊ နံပါတ်နှစ်ကတော့ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းတွေ၊ ဆူပူဆန္ဒပြမှုအဆင့်တွေ။ နံပါတ်သုံးကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဖွဲ့စည်းပုံ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ရည်မှန်းချက်တွေကို ပြောပြခဲ့ပါတယ်။ အဲဒီမှာ တက်ရောက်လာတဲ့ အာဆီယံနိုင်ငံများက ခေါင်းဆောင်များအားလုံးပါပါတယ်။ သေချာကျွန်တော်တို့ ရှင်းလင်းပြခဲ့ပါတယ်။ မဲလိမ်မဲခိုးမှုတွေ ဖြစ်ပေါ်လာတဲ့အကြောင်းအရင်း၊ မဲလိမ်မဲခိုးမှုတွေကြောင့် တပ်မတော်အနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တဲ့ အဆင့်ဆင့်တွေ၊ ဥပဒေနည်းလမ်းကြောင်းအရ တောင်းဆိုခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အကျယ်တဝင့် ပြောပြခဲ့ပါတယ်။ ဒီလိုပြောပြပြီးတဲ့အခါမှာ ဒီနိုင်ငံ့ခေါင်းဆောင်အသီးသီးကလည်း အကြံပြုချက်တွေ ဆွေးနွေးခဲ့ပါတယ်။ အဲဒီအကြံပြုချက်တွေ ဆွေးနွေးခဲ့ပြီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ဒီနိုင်ငံ့ခေါင်းဆောင်တွေအားလုံးရှေ့မှာပဲ အချက်သုံးချက်ပြောခဲ့ပါတယ်။ နံပါတ်တစ်အချက်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအပေါ်ကို ဒီအစည်းအဝေးကနေ ပေးလာတဲ့အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်ပါတယ်။ ကောင်းမွန်တဲ့အချက်တွေပါတဲ့အတွက် ဒီအချက်တွေကို ပြည်တွင်းမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေများနဲ့ ဆက်စပ်ပြီး အလေးပေးထည့်သွင်းစဉ်းစားသွားမှာဖြစ်တယ်။ နံပါတ်နှစ်အချက်အနေနဲ့ လက်ရှိမှာတော့ ကျွန်တော်တို့နိုင်ငံအနေနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းမှုရရှိရေးကို ဦးစားပေးဆောင်ရွက်နေရတဲ့အတွက် ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်ပြီး အာဆီယံက အဆိုပြုထားတဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်ကို စဉ်းစားသွားမယ့်အကြောင်းနဲ့ နံပါတ်သုံးအချက်ကတော့ ကျွန်တော်တို့အစိုးရအနေနဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ အာဆီယံက အပြုသဘော ပါဝင်ကူညီပံ့ပိုးပေးလိုမှုနဲ့ စပ်လျဉ်းပြီး ASEAN Charter၊ ASEAN Way၊ ASEAN Script များအပေါ် အခြေခံမယ်ဆိုရင် နိုင်ငံ့ကောင်းကျိုးအတွက် စဉ်းစားပေးမှာဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပြီးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြည့်စွက်ပြောကြားရာတွင် “ဒီနေရာမှာ ထပ်ပြီးပြောကြားလိုတာကတော့ အာဆီယံထိပ်သီးအစည်းအဝေးကနေပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ အဲဒီအစည်းအဝေးမှာ ဘုံသဘောတူညီချက် ၅ ရပ်ဆိုတာ အာဆီယံထိပ်သီးအစည်းအဝေးကနေပြီး အတည်ပြုထုတ်ပြန်ခဲ့တာမဟုတ်ပါဘူး။ အစည်းအဝေးပြီးမှ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးအသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ ကြိုးစားပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာကို ဦးစွာပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဘုံသဘောတူညီချက်တွင် ပါဝင်သည့် အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန်ရန်ဆိုသည့် အချက်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားရာတွင် “ဒီဘုံသဘောတူညီနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်ဖို့၊ ဒါနဲ့ပတ်သက်ပြီးလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေလုပ်နေတာ NUG၊ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ပြောကြားလိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ အခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့အတွင်းမှာ ရဟန်း၊ သံဃာ၊ သီလရှင်၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူ ၈၁၄၉ ဦးကို မတရားဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့အပြင် မိုင်းခွဲတိုက်ခိုက်မှု အကြိမ် ၁၀,၀၀၀ ကျော်လောက်နဲ့ မီးရှို့ဖျက်ဆီးခြင်း ၁၃၀၀ ကျော်လောက် ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ နိုင်ငံတော်လုံခြုံရေးတာဝန်ကို ပူးတွဲတာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနဲ့ အကောင်းဆုံးကြိုးစားကာကွယ်ပေးလျက်ရှိပါတယ်။ ဒုတိယအချက် ငြိမ်းချမ်းရေးစွာ အဖြေရှာမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ၂၀၂၂ ခုနှစ်က ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ၇ ဖွဲ့၊ လက်မှတ်မထိုးထားတဲ့အဖွဲ့ ၃ ဖွဲ့၊ စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် အခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကို ပြင်ဆင်နိုင်ရေးအတွက် အချက် ၄၃ ချက်ကို သဘောတူညီဆောင်ရွက်ခဲ့ပါတယ်။ မကြာသေးမီအချိန်ကပဲ NCA နှစ်ပတ်လည်နေ့ကို ဆောင်ရွက်ခဲ့ပြီး ဆက်လက်ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်။ ဘုံသဘောတူညီချက် တတိယအချက်ဖြစ်တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်က စေ့စပ်ဆွေးနွေးရာမှာ ပံ့ပိုးကူညီဖို့ကိစ္စမှာလည်း အာဆီယံက ခန့်အပ်လိုက်တဲ့ အထူးကိုယ်စားလှယ်ဆိုတာ ၂၀၂၁ ခုနှစ်ကနေ လက်ရှိအထိ ၅ ဦးရှိပြီဖြစ်ပါတယ်။ သူတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ခရီးစဉ်တွေကို ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ သူတို့ကို နိုင်ငံရေးပါတီတွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံနိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ စတုတ္ထအချက်ဖြစ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနဲ့ AHA စင်တာကနေ ပေးအပ်တဲ့ကိစ္စရပ်တွေမှာလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီလုပ်ငန်းတွေကို စံလုပ်ငန်းစည်းမျဉ်း SOP တွေအနေနဲ့လည်း သဘောတူညီခဲ့ပြီးဖြစ်ပါတယ်။ နောက်ဆုံးချက်အနေနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံက သက်ဆိုင်သူတွေနဲ့ တွေ့ဆုံတဲ့ကိစ္စဖြစ်ပါတယ်။ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်လာတိုင်းမှာ ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်တဲ့လိုက်လျောနိုင်တဲ့သူတွေနဲ့ တွေ့ဆုံနိုင်ရေး အစိုးရအဖွဲ့ဝင်တွေအပြင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံနိုင်ရေး ကျွန်တော်တို့ ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
သို့သော် ရာဇဝတ်မှု ကျူးလွန်ပြီး ရာဇဝတ်ပြစ်ဒဏ်ခံနေရသည့် ထောင်ကျသူများနှင့်တော့ တွေ့ဆုံခွင့်ပေးနိုင်ချင်မှ ပေးနိုင်မည်ဖြစ်ပြီး မည်သည့်နိုင်ငံများက ယင်းကဲ့သို့ တွေ့ဆုံခွင့်ပေးခဲ့သလဲဆိုသည့် မေးခွန်းပြန်ထုတ်ချင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ရာဇဝတ်မှုနဲ့ ကျူးလွန်ပြီး ရာဇဝတ်ပြစ်ဒဏ်ခံနေရတဲ့ ထောင်ကျတွေနဲ့တော့ ကျွန်တော်တို့ တွေ့ဆုံခွင့်ပေးနိုင်ချင်မှ ပေးပါလိမ့်မယ်။ ဘယ်နိုင်ငံမှာရော တွေ့ဆုံခွင့်ပေးခဲ့သလဲလို့လည်း ဒါမေးခွန်းထုတ်ချင်ပါတယ်။ အာဆီယအဖွဲ့ဝင်နိုင်ငံများအားလုံးရဲ့ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိတဲ့ အခြေခံမှုတွေကို အမြဲသတိပြုနိုင်ဖို့လိုမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့အစည်း စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံများအားလုံး ဘုံသဘောတူလက်ခံထားတဲ့ ASEAN Charter၊ ASEAN Way၊ ASEAN Script ပေါ်မှာ အခြေခံလိုက်နာဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ အာဆီယံအဖွဲ့နိုင်ငံများအတွက် ပိုမိုစည်းလုံးအကျိုးဖြစ်စေမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
