၆. ၁၀. ၂၀၂၂
Written by Thi Ha
ရန်ကုန်မြို့ မြို့ပတ်ရထားခရီးစဉ်များကို ပုံမှန်အတိုင်းပြန်လည်ပြင်ဆင်ပြေးဆွဲပေးနေသော်လည်း နေ့စဉ် စီးနင်းလိုက်ပါသူ လူဉီးရေ ပျှမ်းမျှ ၂၀၀၀ ကျော်သာ ရှိပြီး လိုက်ပါစီးနင်းသူအလွန်နည်းပါးနေကြောင်း သိရသည်။
တစ်ချိန်က နေ့စဥ်စီးနင်းသူ လူဦးရေ ၁၈၀၀၀ ခန့်ရှိခဲ့ရာမှ COVID-19 ရောဂါနှင့် ၂၀၂၁ ဖေဖော်ဝါရီဖြစ်စဥ်များကြောင့် စီးနင်းသူနည်းပါးသွားခဲ့သည့်အတွက် လက်ရှိတွင် မြို့ပတ်ရထား ၃ စင်းနှင့် မနက် ၇ နာရီ ၄၅ မိနစ်မှ စတင်ပြေးဆွဲပေးနေပြီး ညနေ ၅ နာရီ၂၀ တွင် နောက်ဆုံးရထား ထွက်ခွာပေးသည်ဟု မြန်မာ့မီးရထားမှ သိရသည်။
ယခင်က ရုံးတက် ရုံးဆင်းချိန်များ၌ ရထားတွဲပြည့် ခရီးသည်လိုက်ပါစီးနင်းမှုရှိသော်လည်း ပြန်လည်ဖွင့်လှစ်သည့် စက်တင်ဘာ ၁၂ ရက်မှ ယနေ့ အောက်တိုဘာ ၆ ရက်အတွင်း အရှုံးခံပြေးဆွဲနေရသည့် အနေအထားဖြစ်နေသည်ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက MT news ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
မြို့ပတ်ရထား၏ လက်မှတ်ခနှုန်းထားများလည်း ပြင်ဆင်သတ်မှတ်ထားပြီး ယခင်ခရီးစဉ် အစအဆုံး ကျပ် ၂၀၀ မှ ယခုအခါ ၁၀ မိုင်ခရီးကို ၂၀၀ ကျပ်ဆီ ခွဲ၍ ကောက်ခံလျှက်ရှိကြောင်း သိရပြီး မြို့ပတ်ရထား ဖြတ်သန်းသည့် ခရီးစဉ်မှာ ၂၉.၅ မိုင်ရှိသဖြင့် ခရီးစဉ်တစ်လျှောက် လိုက်ပါစီးနင်းမည်ဆိုပါက ကျပ် ၃၀၀ ကျသင့်မည်ဟု သိရသည်။
