မီးသင့်၍ ပျံလွန်သည့်ဆရာတော်အား သယ်ဆောင်လာမှုတွေ့ရစဥ် (Photo- CJ)
၁၁. ၂. ၂၀၂၃
Written By Myo Khine
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ် စံပြရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းဝင်းအတွင်း ယနေ့ ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ သက်တော် ၇၂ နှစ်အရွယ်ဆရာတော် တစ်ပါး မီးထဲပါသွား၍ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ပျံလွန်တော်မူသွားခဲ့သည့် ဆရာတော်မှာ ကိုယ်ခန္ဓာ ညာဘက်တစ်ခြမ်း လေဖြန်းထားသောကြောင့် မီးလောင်မှုဖြစ်ပွားစဉ် နေရာက မထနိုင်သဖြင့် မီးထဲပါသွားကာ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ဒီနေ့မနက် ၉ နာရီလောက်မှာ ကျောင်းဝင်းထဲက သံဃာဆောင်မှာ မီးလောင်တာ။ လောင်တဲ့အချိန်မှာ ဆရာတော် တစ်ပါးတည်းရှိနေတယ်။ ဆရာတော်က လေဖြန်းထားတော့ မထနိုင်ဘူး။ ဘယ်သူမှလည်း မရှိကြဘူးလေ။ ဒါကြောင့် ဆရာတော်တစ်ပါး မီးလောင်တဲ့အထဲ ပါသွားပါတယ်”ဟု အဆိုပါမီးလောင်မှုဖြစ်စဥ်ကို စိစစ်နေသောတာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
လက်ရှိအချိန်တွင် မီးလောင်၍ ပျံလွန်တော်မူသည့် ဆရာတော်၏ရုပ်ကလာပ်ကို ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
