၉.၁၀.၂၀၂၅
Translated by Htwe Ko Tun
မဒါဂါစကာနိုင်ငံရဲ့ သမ္မတ အန်ဒရီ ရာဂျိုလီနာက နိုင်ငံမှာတွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ သူ့ကို အချိန်တစ်နှစ်လောက်ပေးဖို့ တောင်းဆိုခဲ့ပြီး ဒီကာလကျော်လို့မှ ပြဿနာတွေက ဆက်ရှိနေဦးမယ်ဆိုရင် သူ့အနေနဲ့ သမ္မတရာထူးက နုတ်ထွက်ပေးမယ်လို့ အောက်တိုဘာလ ၉ ရက် က ကတိပေးခဲ့ပါတယ်။
သူ့နန်းတော်မှာ အစိုးရထောက်ခံတဲ့အုပ်စု အမျိုးမျိုးနဲ့ မြို့တော်ခန်းမပုံစံ တွေ့ဆုံရာမှာ သမ္မတက အခုလို ပြောခဲ့တာပါ။ တက်ရောက်သူအများအပြားက သမ္မတကို မေးခွန်းတွေမေးဖို့ ဒါမှမဟုတ် သူတို့ရဲ့ အမြင်တွေကို ရိုးရိုးရှင်းရှင်းမျှဝေဖို့ အခွင့်အရေးရခဲ့ကြပါတယ်။
“ကျွန်တော် ချော့မော့မနေချင်ပါဘူး။ အမှန်တရားကိုပဲကြားချင်ပါတယ်။ ကျွန်တော်တို့ လက်ရှိအခြေအနေ အတွက် တာဝန်ရှိတဲ့သူတွေ အားလုံးအဆင်ပြေတယ်လို့ ကျွန်တော့်ကို ဆက်သွယ်ပြောနေတဲ့သူတွေက ပြောခဲ့ပါတယ်” လို့ သူက ဆိုခဲ့ပါတယ်။
Gen Z Mada လို့သိကြတဲ့ ဆန္ဒပြမှု လှုပ်ရှားမှုအဖွဲ့က သမ္မတကို ရာထူးမှ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုပြုဖို့ ဖိတ်ကြားချက်ကိုလည်း ပယ်ချခဲ့ပါတယ်။
ဆန္ဒပြအဖွဲ့က သူတို့အနေနဲ့ အခြေခံလူ့အခွင့်အရေးတွေကိုသာ တောင်းဆိုနေတာဖြစ်ပြီးသူတို့ကို ဖိနှိပ် ချုပ်ချယ်နေတဲ့ အစိုးရနဲ့ မပူးပေါင်းနိုင်ဘူးလို့ ငြင်းဆိုခဲ့ကြပါတယ်။ ဘောက်တိုဘာလ ၉ ရက်မှာလည်း ဆန္ဒပြပွဲအသစ်တွေ ပြုလုပ်ဖို့ အဆိုပါအဖွဲ့က တောင်းဆိုထားပါတယ်။
“သမ္မတရဲ့ ဖိတ်ကြားချက်ကို ကျနော်တို့ ငြင်းဆိုပါတယ်။ လမ်းတွေပေါ်မှာ ဖိနှိပ်၊ ချေမှုန်းပြီး လူငယ်တွေကို အရှက်ရစေတဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ပါဘူး” လို့ ထိုအဖွဲ့က သူတို့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
မဒါဂါစကာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ရေပြတ်လပ်မှုတို့ကြောင့် ဆန္ဒပြမှုတွေက စက်တင်ဘာ ၂၅ ရက်က စတင်ဖြစ်ပွားခဲ့ပြီး အကျင့်ပျက်ခြစားမှု၊ အလုပ်လက်မဲ့မြင့်မားမှုနှင့် လူနေမှုစရိတ်အကျပ်အတည်းတို့ကြောင့် မကျေနပ်မှုတွေ ပိုမိုကျယ်ပြန့်လာခဲ့တာပါ။
လူငယ်တွေဦးဆောင်သော လှုပ်ရှားမှုတွေက သမ္မတနုတ်ထွက်ဖို့ ဆက်လက်တောင်းဆိုနေပေမယ့် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေက အခုအခါ အားနည်းသွားပုံရပါတယ်။
မြို့တော် အန်တာနာနာရီဗိုမှာလည်း ရဲတပ်ဖွဲ့ဝင်တွေ ထူထပ်စွာချထားပြီး လမ်းတွေ ပိတ်ဆို့တာ ဒါမှမဟုတ် အနီးကပ် စောင့်ကြည့်နေတဲ့ ရပ်ကွက်တချို့ကလွဲလို့ နေရာအများစုမှာ ပုံမှန်အတိုင်း ဆက်လက်ရှိနေပါတယ်။
ဆန္ဒပြပွဲတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေအတွင်း အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီကိန်းဂဏန်းတွေကို အာဏာပိုင်တွေက ငြင်းဆိုခဲ့ပါတယ်။
Ref- BBC
