သက်တန့်
၉. ၁၀. ၂၀၂၅
နယ်မြေလုယက်သိမ်းယူကာ ကျောင်းသားကျောင်းသူများစွာ၏ ပညာရေးကို ပြတ်တောက်စေခဲ့သော အကြမ်းဖက် တအာင်းလက်နက်ကိုက် TNLA ကို တိုက်ထုတ်ပြီးနောက် ကျောက်မဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစတင်ဖွင့်လှစ်လိုက်ပြီး ကျောင်းအပ်ဆက်လက်လက်ခံနေသလို ကျောက်မဲမြို့ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
တပ်မတော်ကပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများပူးပေါင်း၍ ဒေသခံပြည်သူလူထုလုံခြုံရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများပြန်လည် ဖွင့်လှစ်နိုင်ရေး စသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၈ ရက်နေ့တွင် ကျောက်မဲမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းအား စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်းနှင့် ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းလာရောက်အပ်နှံမှုအနေဖြင့် ကျောင်းသား/ကျောင်းသူ ၈၃၆ ဦး ထပ်မံကျောင်းအပ်နှံခဲ့ပြီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀၄၂ ဦး ပညာသင်ကြားလျက် ရှိကြောင်း သိရှိရသည်။
အဆိုပါ ထပ်မံကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်းပေးအပ်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးကြသည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ကျောက်မဲမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။ ၎င်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူသွားလာနေထိုင် လျက်ရှိသည့် နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ ၁၀၅ ဦးနှင့် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာ ၂ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၌ TNLA အပါအဝင် အကြမ်းဖက်သောင်း ကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြား ပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ရာ နောင်ချိုမြို့နယ်အတွင်း စုစုပေါင်း အခြေခံပညာကျောင်း ၁၀၀ ခန့် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သလို ကျောင်းသား၊ ကျောင်းသူ ၁၀၀၀၀ ကျော် ပညာသင်ကြားခွင့်ရအောင် တပ်မတော်က ပြန်လည်ဆောင်ရွက်ပေးနိုင်ခဲ့သည်။


