၈.၁၀.၂၀၂၅.
Translated by Htwe Ko Tun
၂၀၂၅ ခုနှစ်အတွင်းမှာ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းပိုင်နက် နယ်မြေ စတုရန်း ကီလိုမီတာ ၅,၀၀၀(၁,၉၃၀ စတုရန်းမိုင်)နီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီး ရုရှားအနေနဲ့ စစ်မြေပြင်မှာ မဟာဗျူဟာမြောက် လက်ဦးမှုကို ရယူထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် က အောက်တိုဘာလ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ အဲဒီသိမ်းပိုက်နိုင်ခဲ့တဲ့နယ်မြေက ယူကရိန်းနိုင်ငံ အကျယ်အဝန်းရဲ့ တစ်ရာခိုင်နှုန်းခန့်ကိုကိုယ်စားပြုတာကြောင့် ရုရှားတပ်ဖွဲ့တွေအနေနဲ့ ယူကရိန်းနိုင်ငံရဲ့ စုစုပေါင်း ၂၀ ရာခိုင်နှုန်း နီးပါးကို ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။
သမ္မတပူတင်က သူ့ရဲ့ ၇၃ နှစ်မြောက် မွေးနေ့မှာ ရုရှား ထိပ်တန်းစစ်ဦးစီးချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ယူကရိန်းတပ်ဖွဲ့တွေဟာ ရှေ့တန်းစစ်မျက်နှာမှ ကဏ္ဍအားလုံးမှာ ဆုတ်ခွာနေတယ်လို့ ပြောခဲ့ပါတယ်။ ယူကရိန်းအစိုးရအနေနဲ့ ရုရှားပိုင်နက်အတွင်းကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်တိုက်ခိုက်ဖို့ `ကြိုးပမ်းခဲ့ပေမယ့် သုံးနှစ်ခွဲကျော်ကြာ စစ်ပွဲရဲ့ အခြေအနေကို ပြောင်းလဲဖို့ အထောက်အကူမဖြစ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
“ဒီအချိန်မှာ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေက မဟာဗျူဟာမြောက် လက်ဦးမှုကို အပြည့်အဝ ရယူထားပါပြီ” လို့ ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ စိန့်ပီတာစဘတ်မြို့အနီး ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါအစည်းအဝေးမှာ ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။
“ဒီနှစ်မှာတော့ နယ်မြေအားဖြင့် စတုရန်းကီလိုမီတာ ၅,၀၀၀ နီးပါး(စတုရန်းကီလိုမီတာ ၄,၉၀၀ ခန့်) နဲ့ ဒေသပေါင်း ၂၁၂ ခုကို လွတ်မြောက်စေခဲ့တယ်” လို့ သမ္မတ ပူတင်ကပြောခဲ့ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ ပြင်းထန်စွာ ခုခံဖို့ ကြိုးပမ်းပေမယ့် တိုက်ခိုက်ရေး လမ်းကြောင်းတစ်လျှောက်ကနေ ဆုတ်ခွာ သွားတယ်လို့လည်း သူက ဆက်လက်ပြောခဲ့ပါတယ်။
ယူကရိန်း ထိပ်တန်းတပ်မှူးတစ်ဦးက ကီလိုမီတာ ၁၂၅၀ (၇၇၅ မိုင်) ကျော် ရှည်လျားတယ်လို့ ဆိုတဲ့ရှေ့ တန်းစစ်မျက်နှာလိုင်း တစ်လျှောက် နောက်ထပ် ရွာနှစ်ရွာကို ရုရှားတပ်ဖွဲ့တွေက အောက်တိုဘာလ ၇ ရက်မှာ ထပ်မံသိမ်းဆည်းနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ့်ပြန်ခဲ့ပါတယ်။ု
ယူကရိန်းစစ်တပ်ကတော့ရုရှားရဲ့လောလောဆယ်ထိုးစစ်တွေက အရှုံးနဲ့သာရင်ဆိုင်နေရတညယ်လို့ယဩဂုတ် လးက ပြောခဲ့ပြီး ရုရှားတပ်ဖွဲ့တွေဟာ ၂၀၂၅ ခုနှစ်မှာ ယူကရိန်းရဲ့ ဘယ်အဓိကမြို့တစ်မြို့ကိုမှ မသိမ်းပိုက် နိုင်ခဲ့ဘူးလို့လည်းပြောခဲ့ပါတယ် ။
ယူကရိန်းအကောင့်တွေကလည်း ယူကရိန်းတပ်တွေဟာ ဒွန်တက်စ်ခ် ဒေသ၊ အထူးသဖြင့် ယူကရိန်းတို့ ရဲ့ ထောက်ပံ့ပို့ဆောင်ရေးအချက်အချာကျတဲ့ ပိုခရော့ဗ်မြို့အနီးက ဒိုဘရိုပီလာမြို့ အနီးမှာ တိုးတက်မှုတွေ ရရှိခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ရုရှားက ခြေကုပ်စခန်းချထားတဲ့နယ်စပ်က ဆူမီဒေသမှာလည်း ယူကရိန်း တပ်ဖွဲ့ဝင်တွေက အောင်မြင်မှုတွေ ပြန်လည်ရရှိနေပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောကြားခဲ့ပါတယ်။
ရုရှားစစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗာလီရီ ဂီရာဆီမော့ဗ် က ရုရှားတပ်ဖွဲ့တွေဟာ အရပ်ရပ်ကို လက်တွေ့ကျကျ ချီတက်နေတယ်လို့ ထိပ်သီးတပ်မှူးတွေရဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားတပ်ဖွဲ့တွေရဲ့ အရှိန်အဟုန်ကို နှေးကွေးစေဖို့လောက်ပဲ အာရုံထားနိုင်တယ် လို့ သူက ပြောခဲ့ပါတယ်။
ရုရှားရဲ့စစ်ရေးကြိုးပမ်းမှုတစ်ခုလုံးရဲ့ တပ်မှူးဖြစ်တဲ့ ဂီရာဆီမော့ဗ်က အပြင်းထန်ဆုံးတိုက်ပွဲတွေ ဖြစ်ပွားပြီး Pokrovsk နဲ့ Dnipropetrovsk နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
တွေ့ဆုံမှုမှာ ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံရဲ့ ဦးတည်ချက်တွေက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ အထူးစစ်ဘက်စစ်ဆင်ရေး ကို စတင်လုပ်ဆောင်တဲ့အချိန်ကနဲ့ အတူတူပဲဖြစ်ပြီး ရုရှားအနေနဲ့ အိမ်နီးချင်း နိုင်ငံငယ်တွေကို စစ်မဲ့ဇုန်နဲ့ နာဇီဝါဒကင်းမဲ့ဇုန် အဖြစ်တည်ရှိကြဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ ပါတယ်။
Ref- France 24
