နိုင်ငံတစ်ဝန်းလုံးမှ အများပြည်သူများလှူဒါန်းသည့် ရွှေ၊ ရွှေနှင့်ကျောက်မျက် အဖိုးတန်ရတနာများအား ဌာပနာတော်သွင်း ကပ်လှုပူဇော်နေမှုတွေ့ရစဥ်

MT News
၁၀. ၂. ၂၀၂၃

နိုင်ငံတစ်ဝန်းလုံးမှ ပြည်သူများလှူဒါန်းသည့် ရွှေထည် ၁၃၆၀ ကျပ်သားကျော်၊ ရွှေနှင့်ကျောက်မျက် ၁၆၈၄ ကျပ်သားကျော် အပါအဝင် အဖိုးတန်ရတနာများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထံ ဌာပနာသွင်းမဟာမင်္ဂလာအခမ်းအနားအား ခုနစ်ရက်သားသမီးပြည်သူများအားလုံးကိုယ်စား SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်၍ ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ပထမအကြိမ် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး SAC ဥက္ကဋ္ဌ ဦးဆောင်သည့် (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသော ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။

ထို့ပြင် မိဘပြည်သူများ ထပ်မံ၍ ကုသိုလ်ယူလှူဒါန်းနိုင်ရေး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော်များကို ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ်ကြောင်း၊ ကုသိုလ်တော် ရေရှည် တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာတော်ကုသိုလ်ပြုနိုင်ရန်အတွက် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်ခဲ့ရာ နိုင်ငံတစ်ဝန်းလုံးရှိ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများထံသို ဝမ်းပန်းတသာ ဆက်သွယ်၍ အဖိုးတန်ကျောက်မျက် ရတနာဌာပနာတော်ကုသိုလ်ပစ္စည်းများကို ထည့်ဝင်လှူဒါန်း ကုသိုလ်ပြုခဲ့ကြသည်။

ထိုကဲ့သို့ နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူများ ဝမ်းပန်းတသာ ဆက်သွယ်လှူဒါန်းခဲ့ကြသည့် ရွှေထည် ၁၃၆၀ ကျပ်သား ၅ ဒသမ ၄ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၆၈၄ ကျပ်သား ၁၅ ပဲ ၁ ဒသမ ၆ ရွေး၊ ကျောက်မျက်ရတနာပါ ငွေထည်ပစ္စည်း ၁၂၆ ပဲ ၅ ဒသမ ၁ ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံ အပါအဝင် နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ကြောင်းနှင့် ဘုရားကြီးဘက်စုံအလှူငွေအဖြစ် ငွေကျပ် သိန်းပေါင်း ၈၁၀၀ ကျော်ကိုလည်း လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားသို့ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေး ဩဝါဒါစရိယဆရာတော် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘုရားဒါယကာများ တက်ရောက်ကြည်ညိုခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *