◾️နိုင်ငံအတွင်းရှိ စက်မှုဇုန်များကို အဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြား
၃. ၁၀. ၂၀၂၅
Written by Nyein Kyaw

အဆင့်အတန်း သတ်မှတ်ချက်များအရ အားနည်းသည့် တည်ဆောက်ပြီး စက်မှုဇုန်များအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက အဆင့်မြင့်စက်မှုဇုန်များ ဖြစ်ပေါ်လာစေရေး တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယနေ့ ပြုလုပ်သည့် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင် မှာကြားသည်။
မိမိတို့နိုင်ငံတွင် စက်မှုဇုန် ၂၈ ခု၊ စက်မှုရပ်ကွက် ၅ ခုနှင့် တည်ထောင်ဆဲ စက်မှုဇုန်စီမံကိန်း ၂ ခု ရှိသည့် အတွက် စက်မှုဇုန်များကို အဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများအနေဖြင့်လည်း ကုန်ထုတ်လုပ်မှု တိုးမြှင့်ခြင်းကို အထောက်အကူပြုမည့် မူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် ဈေးကွက်ချိတ်ဆက်မှုများကို ဖန်တီးပေးရန် အားသွန်ခွန်စိုက်ကြိုးပမ်းကြစေလိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
နိုင်ငံတော်၏ ထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာမူတည်သောကြောင့် အသစ်ဖော်ဆောင်မည့် စက်မှုဇုန်များ စနစ်တကျဖော်ဆောင်နိုင်ရေးအပြင် တည်ထောင်ပြီး စက်မှုဇုန်များကိုလည်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လည်း အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
တည်ဆောက်ပြီး စက်မှုဇုန်များအား နည်းဥပဒေများနှင့်အညီ စက်မှုဇုန်အဆင့်အတန်းများ စစ်ဆေးရာတွင် အမှတ်ပေးစည်းမျဉ်းသတ်မှတ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ စစ်ဆေးရာ၌ အဆင့်အတန်း သတ်မှတ်ချက်များအရ အားနည်းသည့် စက်မှုဇုန်များအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက အဆင့်မြင့်စက်မှုဇုန်များ ဖြစ်ပေါ်လာစေရေး တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားသည်။
