သတိုး
၃. ၁၀. ၂၀၂၅
ဒေါ်လာ ထရီလျံဝက် ချမ်းသာသော ဘီလျံနာဖြစ်လာသည့် အီလွန် မတ်စ်က ကလေးသူငယ်များ လိင်တူချစ်သူကိစ္စရပ်အပေါ် လက်ခံလာအောင် Netflix လုပ်ဆောင်ချက်ကို သပိတ်မှောက်ရန် တိုက်တွန်းမှုကြောင့် Netflix ၏ စျေးကွက်တန်ဖိုး လေးရက်ဆက်တိုက်ကျဆင်းကာ ဒေါ်လာ ၁၇ ဘီလျံ ဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့သည်။
မတ်စ်၏ တိုက်တွန်းမှုကို မူလက Twitter ဟု သိကြသည့် ၎င်း၏ပလက်ဖောင်း X တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတ်စ်ကိုယ်တိုင်က Netflix အကောင့်ကို ဖျက်သိမ်းပြီးနောက်ပိုင်း တိုက်တွန်းမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။




Netflix ကို ဖျက်သိမ်းခိုင်းသော အငြင်းပွားမှုသည် “Dead End: Paranormal Park” အမည်ရှိ ကာတွန်းစီးရီးမှ စတင်ခဲ့သည်။ ယင်းစီးရီးတွင် လိင်ပြောင်းထားသည့် ဇာတ်ကောင်တစ်ဦး ပါဝင်သည်။ ထိုဇာတ်ကောင်အပေါ် Libs of TikTok အကောင့်က Netflix သည် “ကလေးသူငယ်များအပေါ် လိင်ပြောင်းသူကို ထောက်ခံသည့် အကြောင်းအရာများ အတင်းအကျပ်ပြသနေသည်” ဟု စွပ်စွဲသည့် ပို့စ်တစ်ခု တင်ခဲ့သည်။
စက်တင်ဘာ ၂၉ ရက်နေ့က တင်ခဲ့သော အဆိုပါပို့စ်ကို ကြည့်ရှုသူ ၂၆ သန်းကျော် ရှိခဲ့ကြောင်း မီဒီယာသတင်းများအရ သိရသည်။
ထိုအကောင့်က အဆိုပါရှိုးသည် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်၏ မဟာမိတ် ကွန်ဆာဗေးတစ် တက်ကြွ လှုပ်ရှားသူ ချာလီ ကာ့ခ်ကို သတ်ဖြတ်ခြင်းအား လှောင်ပြောင်သည်ဟုလည်း စွပ်စွဲခဲ့သည်။ ကာ့ခ်သည် စက်တင်ဘာ ၁၀ ရက်နေ့က Utah ရှိ တက္ကသိုလ်ပွဲတစ်ခုတွင် တိုင်လာ ရော်ဘင်ဆင်အမည်ရှိ လူငယ်တစ်ဦး၏ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။
သို့သော်လည်း အဆိုပါ စီးရီးကို ဖန်တီးသူ စတီးလ် (Steele) က ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။
မတ်စ်သည် Libs of TikTok ၏ Netflix ကို ဝေဖန်သော အကြောင်းအရာကို ပြန်လည်မျှဝေခဲ့ပြီး “ဒါက လက်ခံနိုင်စရာမရှိဘူး” ဟု ရေးသားခဲ့ကာ၊ “သင့်ကလေးတွေရဲ့ ကျန်းမာရေးအတွက် Netflix ကို ဖျက်သိမ်းလိုက်ပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။သုံးစွဲသူများ၏ မေးမြန်းမှုကိုလည်း ၎င်း၏ ကိုယ်ပိုင်အကောင့်ကိုပါ ဖျက်သိမ်းခဲ့ပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Netflix ၏ ကလေးသူငယ်များ လိင်တူချစ်သူ LGBTQ ကိစ္စရပ်အပေါ် လက်ခံလာအောင် Netflix လုပ်ဆောင်ချက်ကို သပိတ်မှောက်ရန် Elon Musk တိုက်တွန်းမှုသည် ၎င်း၏ Followers ၂၂၆ သန်းအပေါ်လည်း ပါဝင်လှုပ်ရှားရန် တွန်းအားပေးခဲ့သည်။
မတ်စ်သည် Netflix စာရင်းသွင်းမှုများကို ဖျက်သိမ်းခဲ့သည့် သုံးစွဲသူများထံမှ အီးမေးလ်များကိုလည်း မျှဝေခဲ့ပြီး များစွာသောသူတို့သည် Netflix ပလက်ဖောင်းနှင့် “အဆက်ဖြတ်လိုက်ပြီ” ဟု ဖော်ပြခဲ့ကြသည်။
သုံးစွဲသူတစ်ဦးက “ဒါက Netflix ကို ဖျက်သိမ်းတာထက် ပိုတယ်… ။ မင်းတို့ ငါ့ကလေးတွေကို ထိပါးရင် ဒီလိုဖြစ်မှာပဲ” ဟု ရေးသားခဲ့သည်။
မတ်စ်သည် ၂၀၂၀ ပြည့်နှစ်က သုံးစွဲသူတစ်ဦး၏ Netflix သည် လူမှုရေးပြဿနာများအပေါ် ရွေးချယ်ပြီး ရပ်တည်မှု ပြုလုပ်သည်ဟု ဝေဖန်ထားသည့် တွစ်တာပို့စ်ကိုလည်း မျှဝေခဲ့သည်။ ထိုမှတ်ချက်များက လိင်တူချစ်သူရှိုးအတွက် ရှေးရိုးစွဲ ကွန်ဆာဗေးတစ်များ၏ ဝေဖန်မှုများ ရင်ဆိုင်နေရသော Netflix အပေါ် ဖိအားများ ထပ်မံတိုးစေခဲ့သည်။
Netflix ကမူ ၎င်း၏ စီးရီးသည် မတူညီသော လူမှုအလွှာအသီးသီးမှ ပရိသတ်များကို ဝန်ဆောင်မှုပေးကြောင်း ပြောကြားခဲ့သည်။
ထိုသို့ ငြင်းဆန်သော်လည်း Netflix ၏ ရှယ်ယာများသည် ပြီးခဲ့သည့် အရောင်းအဝယ်ကာလတွင် ၃ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ ၎င်းသည် ဗုဒ္ဓဟူးနေ့ စျေးကွက်ပိတ်ချိန်တွင် ကုမ္ပဏီ၏ စျေးကွက်တန်ဖိုးကို ဒေါ်လာ ၁၇ ဘီလျံအထိ လျော့ကျစေခဲ့ပြီး စုစုပေါင်း စျေးကွက်တန်ဖိုး ဒေါ်လာ ၄၉၇ ဒသမ ၁၇ ဘီလျံသို့ ကျဆင်းစေခဲ့သည်။
Netflix ၏ ရှယ်ယာများသည် ဇွန်လတွင် စံချိန်တင် အမြင့်ဆုံး ဒေါ်လာ ၁,၃၄၁ သို့ ရောက်ရှိခဲ့သည်။ ထိုအချိန်မှစ၍ ယခုဈေးနှုန်းသည် အမြင့်ဆုံးအမှတ်မှ ၁၄ ဒသမ ၃၁ ရာခိုင်နှုန်း ပြန်လည်ကျဆင်းခြင်းဖြစ်ကာ Nasdaq တွင် ရှယ်ယာတစ်စုလျှင် ၀ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းကာ ရှယ်ယာတစ်စု ဒေါ်လာ ၁,၁၆၂ အထိ ကျဆင်းသွားခဲ့သည်။ သို့သော် ယခုကျဆင်းမှုများကြားမှပင် ရှယ်ယာများသည် တစ်နှစ်တာအတွင်း ၂၉ ရာခိုင်နှုန်းအထိ တန်ဖိုးမြင့်တက်နေဆဲဖြစ်သည်။
ရှယ်ယာဈေးကျဆင်းမှုက LGBTQ ထောက်ခံမှုဆိုင်ရာ ပြန်လှန်တိုက်ခိုက်မှုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်ပူပန်မှုနှစ်ခုလုံးကို ရောင်ပြန်ဟပ်နေသည်။ မတ်စ်၏ သပိတ်မှောက်ရန် တိုက်တွန်းမှုက ဆိုရှယ်မီဒီယာသည် လူထုအမြင်အပေါ် မည်သို့သက်ရောက်မှုရှိကြောင်းကို မီးမောင်းထိုးပြနေသည်။ မတ်စ်၏ ပါဝင်ပတ်သက်မှုက နာမည်ကျော်ပုဂ္ဂိုလ်များ၏ ကုမ္ပဏီရှယ်ယာများအပေါ် သြဇာလွှမ်းမိုးမှုကို ပြသနေသည်။ ကုမ္ပဏီအနေဖြင့် ရင်းနှီးမြှုပ်နှံသူ ယုံကြည်မှုနှင့် အကြောင်း အရာဆိုင်ရာ ဆုံးဖြတ်ချက်များကို မျှတအောင် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ Dead End: Paranormal Park စီးရီးနှင့် ဆက်စပ်အငြင်းပွားမှုများသည် စာရင်းသွင်းသူ တိုးတက်မှုနှင့် အမှတ်တံဆိပ်ပုံရိပ်ကို ထိခိုက်စေခဲ့သည်။
Ref, The Economic Times
