


၃.၁၀.၂၀၂၅
Written by Hey Mar
မိဘ နှစ်ပါး အလုပ်ထွက်လုပ်နေစဉ် တစ်နှစ် လေးလအရွယ် သားငယ်ကို အဘွားထံပို့အပ်ကာ ထိန်းကျောင်းရာက အိမ်အောက်ပြုတ်ကျပြီး ရေတိမ်မှာနစ်မြုပ်သေဆုံးတဲ့ဖြစ်စဉ် အောက်တိုဘာ ၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ၊ အတွင်းပဒံရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ခွန်အားသစ် လူမှုကူညီရေး ပရဟိတ အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ကလေးမိဘ နှစ်ပါး စက်ရုံအလုပ် လုပ်ကိုင်တာကြောင့် သားငယ်ကို အဘွားက ကြည့်ရှု့ စောင့်ရှောက်ရပြီး၊ နေ့လယ်နေ့ခင်း ကလေးကို ပုခက်ထဲမှာ သိပ်ထားကာ အိမ်အလုပ် လုပ်နေစဉ် ကလေးနိုးပြီး ပုခက်မှ ကျကာ အိမ်ကြမ်းခင်း တစ်ပေ ပတ်လည်ခန့် ဖောက်ထားတဲ့ အမှိုက်စွန့် ရေသွန် လုပ်တဲ့ အပေါက်ကနေ အိမ်အောက်ရှိရေထဲ ပြုတ်ကျ သေဆုံးခဲ့တာလို့ သိရပါတယ်။
“အိမ်အောက်မှာ ရေဝပ်နေတာ။ ရေအနက်က တစ်ပေခွဲ သာသာပါပဲ။ ကလေးက နိုးပြီး ပုခက်ကနေ ဆင်းပုံရပါတယ်။ အပေါက်ကလည်း ပုခက်နဲ့ မလှမ်းမကမ်းမှာ ရှိနေပြီး ၊ ကြည့်မယ့် လူကြီး ခဏတာလေး အလစ်မှာ ဖြစ်သွားပုံရပါတယ်”လို့ MT News က ဆက်သွယ် မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူ သားငယ်မှာ ရောဂါ အနာကင်းပြီး ဖွံ့ဖွံ့ထွားထွားမို့ အိမ်နီးနားချင်းတွေကလည်း အချစ်ပိုကြတဲ့ ကလေးငယ် တစ်ဦးလို့ သိရပါတယ်။ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ခွန်အားသစ် လူမှုကူညီရေးအသင်းက လှိုင်သာယာရင်ခွဲရုံဆီ အခင်းဖြစ်နေ့က ပို့ဆောင်ပေးခဲ့ပြီး အောက်တိုဘာ ၂ ရက် နေ့လယ် ၃ နာရီမှာ သင်္ဂြိုဟ်ပြီးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ လေးလခန့် ဇွန်လ ၂၅ ရက်ကလည်း လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာမှာ အသက် နှစ်နစ်အရွယ် သားငယ်တစ်ဦး ရေဝပ်နေတဲ့ နေအိမ်အောက် ပြုတ်ကျကာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
