၂. ၁၀. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံဘက်ခြမ်းသို့ နယ်စပ်ဖြတ်ကျော် တရားမဝင် ပို့ဆောင်မည့် စစ်လက်နက်ပစ္စည်းများ၊ ကျည်ဆံများနှင့် ဒုံးကျည်ပစ်လောင်ချာများကို ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းတွင် ယနေ့ ဖမ်းဆီးရမိလိုက်သည်။
ယနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် နရဲစွမ်တပ်ခွဲလက်အောက်ခံ ရတ်ချာ့မနူ အထူးတပ်ဖွဲ့၏ ကင်းလှည့်တပ်ဖွဲ့ခွဲ (၁) သည် တာ့ခ်ခရိုင်ရဲတပ်ဖွဲ့ အထူးစစ်ဆင်ရေးအဖွဲ့၊ တာ့ခ်ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနနှင့် မဲဆောက် အကောက်ခွန်ဂိတ်တို့နှင့် ပူးပေါင်း၍ တာ့ခ်-မဲဆောက် အာရှလမ်းမပေါ်ရှိ ဘန့်ဟွိုင်ယာအူလုံခြုံရေးစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့စစ်ဆေးနေစဥ် မစ်ဆူဘီရှီ ပါဂျဲရိုး ငွေရောင်ကားတစ်စီးအား ရှာဖွေစစ်ဆေးခဲ့ရာ သံသယရှိသူ အမျိုးသားနှစ်ဦးကို တွေ့ရှိခဲ့သည်။ ယာဉ်မောင်းမှာ နွန်ထဘူရီခရိုင်၊ ဘန်ကရွိုင်းမြို့နယ်မှဖြစ်ပြီး၊ အတူပါလာသူမှာ ဘန်ကောက်မှဖြစ်သည်။






တာဝန်ရှိသူများက ကားအတွင်းပိုင်းကို ရှာဖွေစစ်ဆေးရာတွင် စစ်လက်နက်ပစ္စည်း အမြောက်အများကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးရမိသည့် စစ်လက်နက်ပစ္စည်းများမှာ-
၈၁ မမ စိန်ပြောင်းလက်နက်ကြီး (Mortar 81 mm) အများအပြားနှင့် ၈၁ မမ စိန်ပြောင်းကျည်များကို အပြာရောင်အိတ် ၄ အိတ်ထဲ ထည့်ထားသည်နှင့် ၄၀ မမ RPG 7 ဒုံးကျည်များကို အိတ် ၄ အိတ်ထဲ ထည့်ထားသည်ကို တွေ့ရှိရသည်။
ထို့အပြင် ဒုံးကျည်များပစ်ခတ်သည့် လောင်စာမှုန့်တစ်အိတ်နှင့် ၅ ဒသမ ၅၆ မီလီမီတာ (၅.၅၆ mm) ကျည်များ အမြောက်အများကို အဝတ်အိတ်ထဲ ထည့်ထားသည်ကို တွေ့ရှိရသည်။
ထိုင်းလုံခြုံရေး ပူးပေါင်းအဖွဲ့သည် ဖမ်းမိအမျိုးသားနှစ်ဦးကို ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကာ ကျည်ဆံများ၏ ကုန်ထုတ်အမှတ်အသား (Lot) ကို စစ်ဆေးခြင်း၊ အထောက်အထား မှတ်တမ်းတင်ခြင်းနှင့် အရေအတွက် စစ်ဆေးရေတွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ကနဦး စစ်ဆေးမေးမြန်းမှုများအရ ၎င်းတို့နှစ်ဦးသည် ပစ္စည်းများကို တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ ဈေးဝယ်စင်တာကြီး တစ်ခု၏ ရှေ့သို့ ပို့ဆောင်ရန်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် Line (လိုင်း) အက်ပလီကေးရှင်းမှတစ်ဆင့် ဆက်သွယ်ပြီး လုပ်ခငွေ ဘတ် ၁၀,၀၀၀ ရရှိမည်ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ အဆိုပါ စစ်လက်နက်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော်ကာ အိမ်နီးချင်း (မြန်မာ) နိုင်ငံဘက်သို့ ရောင်းချရန် ဆက်လက်ပို့ဆောင်မည်ဟု ခန့်မှန်းရပြီး ဖမ်းမိသူနှစ်ဦးကို အရေးယူရန်နှင့် ပို့ဆောင်ခိုင်းသူများ ဖော်ထုတ်အရေးယူရန် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေသည်။
မြန်မာနိုင်ငံဘက်ခြမ်းမှ ကရင်နှင့် ကယားသူပုန်များ ပြည်တွင်းသောင်းကျန်းသူအဖွဲ့များထံ လက်နက်မှောင်ခိုကုန်ကူးနေသူများကို ယခုနှစ်ပိုင်းအတွင်း ထိုင်းနိုင်ငံက အာရုံစိုက် ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလည်း မြန်မာဘက်ခြမ်းကို လက်နက်မှောင်ခိုပို့ဆောင်သည့် TigerArms လက်နက်မှောင်ခိုဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖမ်းမိခဲ့သည်။
Ref. AEC
